အ၀ါရောင်မြို့ကလေး

Sunday, January 4, 2009

အ၀ါရောင်မြို့ကလေး

(က)
အင်မတန်ရိုးသားလှလွန်းလို့ကျွန်မချစ်ရတဲ့မြို့ကလေးကိုကျွန်မကအ၀ါရောင်ဖျော့ဖျော့လေး
ခြယ်ပေးလိုက်တယ်။မြို့ကလေးရဲ့ပင်ကိုယ်သိက္ခာအခံနဲ့ ၀ါရွှေရောင်လင်းတောက်သွားတဲ့အ
ချိန်မှာနေက၀င်သွားခဲ့ပြီ။ ဆိုဒီယမ်မီးလုံးအရောင်တွေနဲ့မြို့ကလေးဟာအရောင်ပြောင်းသွား
ခဲ့တယ်။ကျွန်မလိုချင်တဲ့အရောင်မျိုးတော့မဟုတ်ပါဘူး။မနက်ကျရင်တော့ မြို့ကလေးကိုအ
ရောင်ထပ်ပြောင်းပေးရဦးမယ်။
ဟိုး….အဝေးမိုးရေစက်တွေထဲကအော်သံတစ်ခုကိုကြားလိုက်ရတယ်။
“အ၀ါရောင်တွေရမယ်” တဲ့။
ဘုရားသခင်..ဒါဟာသူခိုးတွေမျက်စိကျတတ်တဲ့အရောင်များလား။
အဲဒါနဲ့နှင်းဆီပန်းဝါ၀ါ ၁၇ ပွင့်တိတိကို င၀န်မြစ်ရေထဲမျှောချပစ်လိုက်တယ်။မြစ်ရေတွေကအ
လျှင်အမြန်သယ်ဆောင်သွားလိုက်တာ။မှာလိုက်ဖို့မေ့သွားတယ်။ရေမုဆိုးတွေရဲ့ပိုက်ကွန်ကို
ကြည့်ရှောင်ဖို့။
အလွမ်းတွေနဲ့ပြန် ပြန်လာတတ်တဲ့ကျွန်မကိုမြို့ကလေးက ၀ါတာတာနဲ့လှမ်းလှမ်းကြည့်တတ်
တယ်။မေ့နေမိပြန်ပြီ။ကျွန်မသူ့ကိုအရောင်ပြောင်းပေးရဦးမယ်။ခက်တာက ကျွန်မကပန်းချီ
ဆရာမဟုတ်လေတော့ ပန်းချီဆရာတစ်ယောက်ရှာဖို့ခရီးထွက်ခဲ့မိတော့တယ်။

(ခ)

နက်မှောင်ရှည်လျားတဲ့ဆံနွယ်တွေကိုဖားလျားချလို့ ကောင်မလေးတစ်ယောက်ပန်းချီဆွဲနေ
တယ်။အို….သူဟာ ..အရောင်တွေကိုနားလည်တဲ့ပန်းချီဆရာများလား…။အနားကိုရောက်
သူ့ကင်းဗတ်(စ) စဟာနက်မှောင်လို့…။အဲဒီအပေါ်မှာ သူမက ဆေးအနက်ရောင်တွေကိုစုတ်
ချက်ကြမ်းကြမ်းနဲ့အထပ်ထပ်ခြယ်သနေလေရဲ့။မျက်နှာလှလှလေးကတော့ ဘေးတိုက်အနေ
အထားမှာတောင်မေးကြောကြီးတွေထောင်ထနေတဲ့အထိတင်းထန်လို့…။
ကျွန်မ အကြည့်လွှဲလိုက်ရတယ်။အို………..အဝေးကလွင့်မျောလာတဲ့မီးခိုးရင့်ရောင်တိမ်တိုက်
တွေကိုကြည့်ရင်း ကျွန်မငိုချင်လာတယ်။ မကြာခင်မိုးရေတွေတဝေါဝေါသွန်ချခံရတော့မယ်။
ကျွန်မချစ်တဲ့မြို့ကလေးအပေါ်မှာရော….မီးခိုးရင့်ရောင်မိုးစက်တွေပြိုကျလာမှာလား…။ဒါမှမ
ဟုတ်မိုးစက်တွေက အဲဒီအနက်ရောင်တွေကို တိုက်စားဖယ်ရှားပစ်လိုက်မှာလား။သူမရဲ့
အနက်ရောင်တွေထဲမှာရော မိုးစက်တွေလိုဖြူဖြူကြည်ကြည်လေးတွရှိနေမလား။
ဒါတွေကအရေးမကြီးပါဘူး။အရေးကြီးတာက မီးခိုးရင့်ရောင်နဲ့ အ၀ါရောင်ပေါင်းရင်ဘာအ
ရောင်ရလဲဆိုတာပဲ။ကောင်မလေး က ကျွန်မကိုကျောထဲစိမ့်သွားစေမယ့်အပြုံးနဲ့အဖြေပေး
တယ်။
“ အနက်ရောင်” တဲ့။
ဘ၀မှာအရောင်တစ်ရောင်တည်းရှိတဲ့ကောင်မလေးကိုထားခဲ့လိုက်ပါတယ်။

(ဂ)
နှင်းဆီပန်းနီနီတွေခင်းလုံးပြည့်နေတဲ့ခြံကျယ်ကြီးထဲမှာ ကောင်မလေးနီနီလေးတစ်ယောက်အ
လုပ်တွေရှုပ်နေတယ်။ခြံဝမှာချိတ်ဆွဲထားတဲ့ဆိုင်းဘုတ်လေးကိုက “နှင်းဆီနီနီ” တဲ့။ပန်းတွေပွင့်
နေပုံကဆန်းတယ်။သန်စွမ်းခိုင်မာလိုက်ကြတာ။ကျွန်မတောင်ပန်းခင်းထဲဝင်လိုက်တယ်ဆိုရင်ပဲ
ရဲရင့်တက်ကြွလာသလိုခံစားရတယ်။
နီနီလေးက ကျွန်မကိုနှင်းဆီတွေအများကြီးခူးလာပေးတယ်။အို…လှလိုက်တာ….။ဝမ်းသာအား
ရလှမ်းယူမိတဲ့ကျွန်မရဲ့လက်မှာ သွေးတွေဖြာဆင်းသွားတယ်။နှင်းဆီဟာသူ့ဆူးတွေကိုမေ့
လျော့စေဖို့ အရောင်နဲ့လှည့်စားထားခဲ့တာကိုး။ဆူးမရှိတဲ့ မာယာမဲ့မြို့ကလေးကို ကျွန်မ အနီရောင်ဆင်ပေးသင့်သလား။
“ နီ….အ၀ါနဲ့အနီပေါင်းရင်ဘာအရောင်ရသလဲ”
“ အိုး…အနီပဲပေါ့ရှင်..” တဲ့။
ကျွန်မချစ်တဲ့မြို့ကလေးကိုအနီရောင်တွေစွန်းပေမနေစေချင်ပါဘူး။ဒါကြောင့် ကျွန်မနှင်းဆီရနံ့
တွေကိုမသိကျိုးကျွံပြုပြီးလှည့်ထွက်ခဲ့လိုက်တယ်။

(ဃ)

Blue Haven လို့ချိတ်ဆွဲထားတဲ့ အပြာရောင်အိမ်လှလှလေးထဲမှာမိသားစုလေးတစ်စုနေထိုင်
ကြတယ်။အဖေရယ်၊အမေရယ်၊သမီးကြီးရယ်၊သမီးလတ်ရယ်၊သားငယ်ရယ်။ အပြာရောင်သစ်
ခွပန်းတွေကလည်းခြံလုံးပြည့်ပဲ။ရနံ့မဲ့၊ဆူးမဲ့တွေရဲ့ဆွဲဆောင်မှုကလည်း တစ်မျိုးတော့ထူးခြား
တာပါပဲ။ပြာလဲ့လဲ့ရေကန်လေးနံဘေးမှာ အပြာရောင်ကောင်မလေးတစ်ယောက် Jim Reeves
ရဲ့ Blue Sky ဆိုတဲ့သီချင်းကိုနားထောင်နေတယ်။
“ နာမည်ဘယ်လိုခေါ်လဲ”
“ နီလာ”
“ မင်းအစ်မနာမည်ကရော..”
“ ကြည်ပြာ”
“ မင်းမောင် ကရော..”
“ငြိမ်းချမ်း”
“ အပြာရောင်ကငြိမ်းချမ်းခြင်းလား”
“ ဟင့်အင်း..ဒါတင်မကဘူး…တည်ကြည်ခြင်းလည်းပါတယ်”
ကျွန်မသဘောကျသွားတယ်။
“ ကျွန်မမြို့ကလေးကိုအပြာရောင်ခြယ်ပေးရမယ်။ဒါနဲ့နီလာ..အပြာနဲ့အ၀ါရောလိုက်ရင်ဘယ်
လိုနေမလဲ”
နီလာမလေးမျက်မှောင်ကြုတ်သွားတယ်။ရုတ်တရက်အကြည့်စိမ်းတွေဖြာကျပြိုဆင်းလာရင်း
က….“အစိမ်း”လို့ခပ်ပြတ်ပြတ်ဖြေလေရဲ့။

(င)
တောင်ကုန်းညိုညို၊ကျောင်းသင်္ခန်းညိုညို၊ယောဂီညိုညိုနဲ့ကျောင်းဝန်းတစ်ခုလုံးညိုစိုနေတော့တယ်။
အေးချမ်းမှိုင်းညို့လိုက်တာ၊မြေမှာရှပ်တိုက်လွင်မြောနေတဲ့ရွက်ခြောက်ညိုညိုတွေကို
တော့လှည်းကျင်းပစ်တတ်ကြတယ်။ဆိတ်ငြိမ်ညိုမှိုင်းနေတဲ့ ယောဂီအိုကြီးကိုကြည့်ပြီးမေးမိ
တယ်။
“အညိုရောင်ရဲ့အဓိပ္ပါယ်ကဘာလဲ”
“ ငြိမ်သက်ခြင်း”
“ အ၀ါနဲ့အညိုဘယ်အရောင်ကပိုကောင်းပါသလဲ”
“ အကုန်လုံးကောင်းပါတယ်”
“ အဲဒီနှစ်ရောင်ပေါင်းရင်ရော..”
“ ၀ါညိုနေပါလိမ့်မယ်”
ဝါညိုညိုအတွေးတွေကိုကျောပိုးအိတ်နဲ့အပြည့်ထည့်ပြီးကျွန်မပြန်ခဲ့လိုက်တယ်။ခုထိ အရောင်
တွေကိုစိတ်တိုင်းမကျနိုင်သေးဘူး။

(စ)

မဆီမဆိုင်ဗေဒါတွေအုပ်ဖွဲ့စီးမျောနေတဲ့ချောင်းလေးနားကိုရောက်သွားတော့ကျွန်မအလိုလို
ဆွတ်ပျံ့လွမ်းမောလာတယ်။ခရမ်းပြာသစ်ခွပန်းတွေကလည်းဝေလို့။
“ ဒါဘယ်နေရာလဲ”
အနားမှာရှိတဲ့ဆိတ်ငြိမ်လူတစ်ယောက်ကိုနှောင့်ယှက်မိတယ်။သူက…
“ ခရမ်းရောင်လွင်ပြင်” တဲ့။
အိုး…မင်းသားကြီး G.Pack ရဲ့ခရမ်းရောင်လွင်ပြင်များလား။ဟိုး….ရေခဲတောင်တွေကြားက
ကျွန်မရဲ့အစ်ကိုတော် M.ဒီးရမ်ရဲ့ ခရမ်းရောင်လွင်ပြင်လား…။
“ အ၀ါရောင်ကိုဘယ်လိုမြင်လဲ” လို့မေးမိတော့…အဲဒီလူက..
“ ကျွန်တော်မပျော်တတ်ဘူး” တဲ့။
“ဘုရားသခင်…အ၀ါရောင်ဟာပျော်စရာကောင်းလို့လား”
“မသိဘူး…အလွမ်းကတော့ ခရမ်းရောင်း ပါပဲ”တဲ့။
ဟင့်အင်း။ကျွန်မ မြို့ကလေးကိုအလွမ်းတွေနဲ့သိုင်းဖွဲ့ရစ်ခြုံမထားခဲ့ချင်ပါဘူး။

(ဆ)

“အဖြူရောင်အခန်း”……..တဲ့။
ကြယ်ရောင်လရောင်တွေလိုဖြူဆွတ်လင်းတောက်နေတဲ့အခန်းလေးတစ်ခုထဲမှာ အဖြူရောင်
ကောင်မလေးတစ်ယောက်ရှိတယ်။အိပ်ယာခင်းဖြူဖြူ၊ခေါင်းအုံးဖြူဖြူ၊လိုက်ကာဖြူဖြူ၊စားပွဲခင်း
ဖြူဖြူ၊နံရံဖြူဖြူတွေနဲ့…။အိုး……ဖြူလင်းလှပလိုက်တာ။တကယ်တော့ အဖြူရောင်ဆိုတာဖြူစင်
ခြင်းပဲ။ရိုးဖြောင့်ခြင်းနဲ့ရောသက်ဆိုင်နေမလားမသိဘူး။
“ ဖြူ……အဖြူရောင်ရဲ့အဓိပ္ပါယ်…”
“အိုး…ဖြူစင်ခြင်းပေါ့”
“ ကျွန်မရဲ့မြို့ကလေး…”
ကျွန်မစကားမဆုံးလိုက်ဘူး။သူမက ကျွန်မကိုလက်ကာငြင်းတယ်။
“သွား….သွား….ကျွန်မအဖြူရောင်တွေစွန်းပေကုန်မယ်၊ရှင့်..ကျောပိုးအိတ်ထဲမှာက ၀ါညိုညို
တွေ၊ရှင့်လက်မှာက သွေးနီနီတွေ၊အို..မဖြစ်ပါဘူး…ရှင် ကျွန်မအခန်းထဲဝင်မလာပါနဲ့”
ကျွန်မခြေလှမ်းတွေ တုံ့ကနဲရပ်သွားတယ်။
အင်း…ဟုတ်တာပေါ့။ အဖြူရောင်ဆိုတာက ဘာမှအစွန်းအထင်းခံတာမဟုတ်ဘူး။အရမ်းဂရု
စိုက်ရတယ်။ကျွန်မသူ့ကိုအားနာလိုက်တာ။သူ …အရမ်းပင်ပမ်းမှာပဲ။
ဟင်း……ဒါဆို..မြို့ကလေးကို အဖြူရောင်ခြယ်ပေးလို့မဖြစ်ပြန်ဘူး။ကျွန်မကခရီးဝေးတွေသွား
သွားနေရတာလေ။

(ဇ)
အဲဒီလိုနဲ့ကျွန်မဟာ…ခရီးဝေးတွေသွားလိုက်ရင်း…အလွမ်းတွေတနင့်တပိုးနဲ့ပြန်လာလိုက်ရင်း။
မြို့ကလေးက၀ါတာတာနဲ့လှမ်းလှမ်းကြည့်တာကိုခံယူလိုက်ရင်း……………။အရောင်တွေကို…
ဖြတ်သန်းရင်း……….။အရောင်တွေကိုစိတ်တိုင်းမကျရင်း……..။မြို့ကလေးက၀ါတာတာနဲ့လှမ်း
လှမ်းကြည့်တာကိုစိတ်မလုံစွာခံယူရင်း…………။အရောင်တွေဆီခရီးထွက်လိုက်ရင်းနဲ့………..
သံသရာလည်နေပါတော့တယ်။
မြို့ကလေးကတော့…ခုထိ….
ကျွန်မကို……….
ဝါတာတာနဲ့………..
ကြည့်နေတုန်း……..။ ။
မနော်ဟရီ

(Fashion Image)မှာပါသွားခဲ့တာဖြစ်ပါတယ်။


13 Comments:

Craton said...

အန်တီနော်ရေ.. အန်တီပြောပြောချင်း ပြေးလာဖတ်တာ။ သိပ်ကောင်းတာပဲ.. အများကြီးအတုယူသွားတယ်နော်.. အန်တီပြောတဲ့မြစ်ရယ်၊ အဲ့ဒီအ၀ါရောင်မြို့လေးရဲ့ နေရာကိုသိချင်တယ်..။း)

အားပေးလျက်..

Kay said...

မနော်ရေ- မနော်ပြောချင်တဲ့..ရသ တွေ တပွေ့တပိုက် ယူသွားတယ်။
ကျမေ၇ွးပေးမယ်လေ- transparent အကြည်လေးပဲ ရွေးလိုက်..။ သူ့သဘာဝအတိုင်း..သူငိုတိုင်း..သူရီတိုင်း..သူအပင်တွေရှင်သန်တိုင်း..သူ့လူတွေပျော်ရွှင်တိုင်း..အတွင်းသား မြင်ရနိုင်တယ်လေ။

အ၀ါရောင်မြစ်နဲ့..အ၀ါရောင်မြို့လေး.. သဘာဝ နဲ့ တသားထဲ ရှိပါစေ။း)

အောင်သာငယ် said...

ပုရွက်ဆိတ်တကောင် သွားရာနောက်ကို လိုက်ပါသွားရသလိုပါပဲ... သည့်ထက်လည်း ဘာမှ မပြောတတ်...

wai lin said...

နောက်တခါခရီးသွားရင် မြို့ကလေးကိုပါ ကျောပိုးအိတ်ထဲထည့် ခေါ်သွားပေါ့။ သူလည်း အမြဲတမ်း ဘယ်ဝါနေချင်ပါ့မလဲ။ ပြာတလီ၊ နီတလှည့်၊ ဖြူတခါ၊ စိမ်းတဖန်နဲ့ ရှင်သန်နေချင်မှာပေါ့ဗျာ။
ကျနော်ကတော့ အရောင်တွေ ဖြတ်ကနဲ ရိပ်ကနဲ ပြောင်းပြောင်းသွားတာကိုပဲ ကြည့်မောရင်ခုန်နေချင်မိတယ်။

Zephyr said...

အစ်မရေ ...
အစိမ်းလို့ပြောလိုက်တဲ့ ကလေးမလေးက ဘာကို မုန်းနေတာလဲဆိုတာ ပြောနိုင်မလား?


အ၀ါရောင်တွေကို နှစ်သက်တဲ့သူငယ်ချင်းတစ်ယောက်ကို သတိရသွားတယ် ... ငုဝါရောင်က အဖြူပြီးရင် အလင်းဆုံးအရောင်လို့ပြောတာကြားဖူးတယ် ....။

အရောင်တွေက စွမ်းအားရှိတယ်လို့ ကျွန်တော်လက်ခံတယ် ....။

အ၀ါရောင်မြို့ကလေးကို ချစ်တဲ့အစ်မ ပျော်ရွှင်ပါစေ ....။ ။

lotuslynn said...

မေခ

သတိရသွားတယ် ဒီစာလေးတွေ့တော့
အ၀ါရောင်စံအိမ်
မြစိမ်း villa နဲ့
Blue Heaven ကိုလွမ်းလိုက်တာ
အဲဒီတုန်းက..... အဲဒီအချိန်တွေတုန်းက
လွပ်လပ်ဖြူစင် သန့်ရှင်းခဲ့ ချစ်ခဲ့ကြတာနော်
ကိုယ်တို့ပြန်မရနိုင်တော့ဘူး
ဒီခေါင်းစဉ်မြင်တော့ ငိုချင်လာတယ်
ဘ၀တွေဟာတကယ်ဘဲ ကွာဟသွားခဲ့တယ်ဆိုတာ
ဒီစာလေးမြင်ရချိန်မှာ.............
Those were the days........ my friend.....

ဂျူ

pandora said...

မြို့ကလေး အကြောင်းကို မ. က လှလှပပ ရေးရေးနေတာ ရေးစရာမကျန်တော့ဘူ။ မ ရေးတာကိုပဲ လာလာခံစားတော့မယ်။
:)

ဆောင်းယွန်းလ said...

မနော်ရေ..အရေးအသားကတော့ရှယ်ပါဘဲ.
မြို့ကလေးနဲ့ပတ်သတ်ပြီးစိတ်ကူးပုံရယ်ရေးထားတာ
ရယ်လှတယ်ဗျာ...
အမကမှ မြို့ကလေးရဲ့ဝါတာတာနဲ့ကြည့်တဲ့အကြည့်ခံ
ရသေးတယ်..
ခင်မင်လျက်....

နန်းညီ said...

မိုက်တယ်

မေငြိမ်း said...

ပြန်ဆုံမယ် အ၀ါရောင်လမ်းကလေး.. ကိုယ် ပြန်ခဲ့မယ်ဟေးးးးးးးးးးးးးးး
အမကတော့ အမတို့ရဲ့ ဗမာပြည်ဆိုတဲ့ ရွာကလေးကို လွမ်းတိုင်း အဲလို အော်ဆိုပစ်မိတာပါပဲ....

ကိုဂစ်တာ said...

အ၀ါရောင်လမ်းကလေး သိချင်းကိုတောင် သတိရသေးတယ်း)

Moe Cho Thinn said...

မနော်က စိတ်ကူးနဲ့ ပန်းချီ ခြယ်တဲ့သူများလား...

ကောင်းကင်ကို said...

အဝါရောင်မြို့ ကလေးအကြောင်းခံစားသွားပါတယ်။