ဒီဇင်ဘာခရစ္စမတ်ချိန်ရောက်လေတိုင်း

Thursday, December 11, 2008

ခရစ္စမတ်ရောက်ပြီဆိုရင်သတိရနေတတ်တာတစ်ခုရှိတယ်။ အဲဒါကတော့
ကျွန်မဆရာ L.J. Kan Gyi ကိုပါ။
L.J. Kan Gyi ဆိုရင်တော်တော်များများသိမယ်လို့ထင်ပါတယ်။ ရန်ကုန်
တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခတွေအဖြစ်လူသိများပါတယ်။ ဆရာ
ရော ဆရာ့အမ ဆရာမကြီး E.J. Kan Gyi ရော....။
သဘောကောင်းတာ ၊စာသင်ကောင်းတာ၊အသံထွက်အရမ်းကောင်းတာ
တပည့်တွေကိုတကယ့်သားသမီးတွေလိုချစ်တာ စတဲ့ဂုဏ်ပုဒ်တွေနဲ့ပြည့်
စုံသူတွေပေါ့။
တကယ်ဆို ဆရာ့ကိုကျွန်မတို့ကမီလိုက်စရာအကြောင်းမရှိပါဘူး။ ကျွန်မ
တို့ ၈၈ကျောင်းတွေပိတ်တော့ အင်္ဂလိပ်စာသင်ဖို့ အဖေက ဆရာ့ဆီလိုက်
အပ်ပေးပါတယ်။ ၀ါဏိဇဗေဒ ကျောင်းသူကျောင်းသားများအသင်းမှာသင်
တဲ့ဆရာ့ရဲ့ class ကိုကျွန်မတို့တောင်မရောက်မြောက်မရောက်လေးသုံး
ယောက် (ကျွန်မရယ်၊ကျွန်မညီမရယ်၊ကျွန်မသူငယ်ချင်းရယ်)တက္ကသိုလ်
ကျောင်းသူကျောင်းသားတွေကြားမှာတက်ခွင့်ရခဲ့တယ်။
ဆရာ့စာသင်ချိန်တွေဟာနည်းနည်းလေးမှ ပျင်းစရာမကောင်းပါဘူး။ စက္ကန့်
မလပ်ကိုစိတ်ဝင်စားစရာကောင်းနေတတ်ပါတယ်။ တပည့်တွေအားလုံးနဲ့လဲ
ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်ဆိုတော့ပျော်စရာလည်းကောင်းပါတယ်။
အဲဒီနှစ် (၁၉၈၉)ခရစ္စမတ်မှာတော့ ကျွန်မတို့သင်တန်းကလူတွေအားလုံးစု
ပြီး ဒေါ်သိန်းတင်လမ်းက ဘိုးဘွားရိပ်သာမှာ အလှူလုပ်ကြ၊ဘိုးဘွားတွေ
ကိုမုန့်တွေဝေကြတယ်။အမှန်က ဆရာတို့က အဲဒါကိုနှစ်တိုင်းပုံမှန်လုပ်နေ
ကျ...ဘိုးဘွားတွေကိုမုန့်ကျွေးတယ်။တစ်ခန်းဝင်တစ်ခန်းထွက်နဲ့အဘိုး
အဘွားတွေကိုသီချင်းဆိုပြ ကပြကြတယ်။ အဘိုးတွေအဘွားတွေကလည်း
ပြန်သီချင်းဆိုပြ ကပြကြတယ်။ ပျော်စရာကြီး ။အဲဒီမှာ Rudolph ဆို
တဲ့ အဘိုးတစ်ယောက်လည်ဲးရှိတယ်။သူက တကယ့်ကိုနှာခေါင်းနီနီလေးနဲ့...။
က’ ရင်တော့ကွေးနေတာပဲ။
တစ်ခါတစ်ခါဆိုအဲဒီကာလကိုသတိရတယ်။အဘိုးအဘွားတွေကိုတကယ့်ချစ်
ခင်စိတ်ကလေးတွေနဲ့ဖျော်ဖြေခဲ့ကြတာကိုရော…ဆရာ့ရဲ့အရိပ်အောက်မှာ
တွေ့ခဲ့ကြဖူးတဲ့မောင်နှမတွေကိုရော..ဆရာ၊ဆရာမကြီးနဲ့ Uncle Wallace
ကိုရော..(နာမည်မှားနိုင်ပါတယ်၊မှားရင်ပြင်ပေးပါ၊ဆရာ့အစ်ကိုဖြစ်ပါတယ်။)
ဘာလို့လဲဆိုတော့ အဲဒီ Uncle နောက်တစ်နှစ် ခရစ္စမတ်အိဗ်မှာဆုံးသွားခဲ့
လို့ပါပဲ။
ကျွန်မတို့ကျောင်းပြီးကာစမှာ ဆရာဆုံးပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးခဲ့တဲ့
ဆရာ့ကို အားလုံးကနှမျောကြပါတယ်။ ဆရာဆုံးတော့ ဆရာက ကျောင်းက
လက်ရှိပါမောက္ခထင်ပါတယ်။ ဂျပ်ဆင်ကနေချတဲ့ဆရာ့ funeral ကိုရောက်
သွားခဲ့သေးတယ်။ ဆရာသိပ်နှစ်သက်တယ်ဆိုတဲ့ကျမ်းပိုဒ်လေးပါတဲ့ယပ်
တောင်လေးတစ်ခုကမ်းတယ်။ မြေချကာနီးမှာ “ပို့ဆောင်တော်မူကျူး”သီချင်း
ကိုဆိုခဲ့တာလည်းသတိရနေမိတယ်။
ဆရာမကြီးဆုံးတော့ ကျွန်မတို့ကျောင်းနဲ့အလှမ်းဝေးသွားပြီ။ဒါပေမယ့် ဆရာ
မကြီးနဲ့သူ့အမျိုးသားကိုကျွန်မတက်တဲ့ Immanuel Baptist Church မှာ
တနင်္ဂနွေနေ့တိုင်းတွေ့နေကျ၊။ဆရာမကြီးကိုဆို choir မှာတွေ့ရတတ်ပြီး သူ့
အမျိုးသား Uncle Orlando ကိုတော့ choir leader အဖြစ်တွေ့ရတတ်ပါတယ်။
ဆရာမကြီးဆုံးတော့ ကျွန်မ မပို့ဖြစ်ဘူး။ တစ်ယောက်တည်းကျန်ခဲ့တဲ့ Uncle
Orlando ကိုကြည့်ပြီးကျွန်မစိတ်မကောင်းဘူး။ဒါပေမယ့်…မကြာပါဘူး။သူလည်း
ဆုံးသွားတယ်။ ခုဆို ဆရာတို့မောင်နှမသုံးယောက်လုံးရော Uncle Orlando
ရော ကောင်းကင်နိုင်ငံတော်မှာ အတူပြန်ဆုံနေကြလောက်ပါပြီ..။
တပည့်တွေကိုချစ်တဲ့ ၊စာသင်ကောင်းတဲ့၊ဘုရားကျောင်းတက်ဖို့ထက်စာသင်ဖို့
ပိုစိတ်ဝင်စားတတ်တဲ့၊စာသင်ဖို့သူ့ကိုဘုရားကလွှတ်လိုက်တာဆိုတဲ့၊ အဘိုးအဘွား
တွေကိုချစ်တတ်ပြီးကြီးလာရင်ဘိုးဘွားရိပ်သာမှာနေဖို့ကြိုတင်နေရာဦးထားတယ်
ဆိုတဲ့ဆရာ့ကို ကျွန်မက ခရစ္စမတ်သီချင်းသံတွေကြားတိုင်း သတိတရလွမ်းနေ
မိတတ်တယ်။ဘာပဲဖြစ်ဖြစ်ဆရာတစ်ယောက်ကောင်းကင်ဘုံမှာငြိမ်းအေးပျော်
မွေ့နေလောက်ပြီလို့ကျွန်မယုံပါတယ်။


8 Comments:

sin dan lar said...

အစ်မရေ.. ဒေါ်အီးဂျေကံကြီး နာမည်ကို ဖေဖေ ခဏခဏ
ပြောဖူးလို့မှတ်မိနေတယ်။ သူတို့ ဆရာမကြီး..
အရမ်းတော်တယ်လို့ပြောတတ်တယ်။ကျွန်မအမှတ်မှား
နေလားလို့ဒီစာဖတ်ပြီး ဇဝေဇ၀ါဖြစ်သွားတယ်။
ဖေဖေ့ကို 1932 မှာမွေးတာ။ ရန်ကုန်တကသိုလ်တက် တဲ့နှစ်တော့ မမှတ်မိဘူး။ အစ်မကို ဆရာမကြီးရဲ့မောင်က
စာသင်တယ်ဆိုတော့ ဖေဖေနဲ့ ဆရာမကြီးက အသက်မကွာသလိုဖြစ်နေလားလို့

Craton said...

ဆရာကြီး၊ ဆရာမကြီးတွေနာမည် ခုမှပဲကြားဖူးတယ်။
အန်တီနော်ပြောတဲ့ ၁၉၈၉ Christmas ဆိုတုန်းက သားသားတောင် မမွေးတေးဝူး
းP

နွေဆူးလင်္ကာ said...

ဒီပို့စ်လေးဖတ်ရတော့ ဆရာတစ်ယောက်ကို သတိရတယ်။ ဆရာရောဘတ်လို့ မှတ်မိနေတယ်။ ကျွန်တော့် အစ်ကိုတွေ ဆယ်တန်းတုန်းက အင်္ဂလိပ်စာ အိမ်မှာလာသင်ပေးတဲ့ ဆရာ။ ကျွန်တော် ဆယ်တန်းရောက်တော့ ကျွန်တော်တို့ မြို့မှာ မရှိတော့ဘူ။ သူသင်တာက အဲဒီတုန်းက ကလေးဖြစ်တဲ့ ကျွန်တော်တို့တောင် နားထောင်လို့ ကောင်းတယ်။ စကားစပ်လို့ ပြောရရင် ကျွန်တော်ဆယ်တန်းတုန်းက အင်္ဂလိပ်စာ ကျူရှင် မတက်ခဲ့ရဘူး။ grammar နဲ့ essay ပဲ ဆရာဦး more sun ဆီမှာ သင်ခဲ့တယ်။ ဦးမိုးစန်းလို့ခေါ်တာပဲ သူက အဲလိုပဲရေးတယ်။ သူလဲ အရမ်းတော်တဲ့ဆရာပါ။ အခုမှ သေချာပညာမယူခဲ့ရတာကို နောင်တရမိတယ်။

ဒူကဘာ said...

သူများတွေ ဆရာ/မ သတိတရ ဖြစ်ကြတော့ ဒူကဘာတို့ မြို့က အင်္ဂလိပ်စာတော်တဲ့ ဆရာကြီး ဦးစီဒေါ့(စ်) ကို သတိရသွားပါတယ်၊ ပညာလဲသင် မုန့်လဲကျွေးတဲ့ ဆရာကြီးပါ၊ အဆိုတော် မွန်းအောင် ရဲ့ အဖေပါ၊ ဆရာကြီး သက်ရှိထင်ရှာမှ ရှိပါလေစ.....!

Moe Cho Thinn said...

ဆရာမကြီး အီးဂျေကံကြီးကိုရော ဆရာ အယ်လ်ဂျေကံကြီးကိုရော စာသင်ခွင့် မကြုံခဲ့ပါဘူး။ ဒါပေမဲ့ တက္ကသိုလ်ရိပ်သာလမ်းက ပုဂံခြံဝင်းမှာ နေတုန်းက ဆရာမကြီးတို့အိမ်က မျက်စောင်းထိုး လမ်းပဲ ခြားတယ်လေ။ တပည့်တွေနဲ့ စည်ကားနေတတ်တာ မျက်နှာအမြဲပြုံးချိုနေတတ်တာ မြင်ဖူးတော့ ကလေးဘ၀ကတည်းက စိတ်ထဲက ခင်နေမိတာပါ။ သိပ်ယဉ်ကျေးပြီး စာတော်တဲ့ အဆင့်အတန်းရှိတဲ့ ဆရာစိတ်အပြည့်အ၀ရှိတဲ့ မောင်နှမတွေပါ လို့ အဖေပြောဖူးတာ သတိရတယ်။

မေငြိမ်း said...

မနော်ရေ.. ဆရာ Wallace Kan Gyi လည်း ရှိသေးတယ်လေ.. Anthropology ကလေ။ သူက အလတ်။ သူလည်း သိပ်စိတ်ထားကောင်းပြီး ပျော်တတ်တဲ့ဆရာကြီးပဲ..။ ဆရာမကြီးကတော့ အင်္ဂလိပ်စာ ဌာနက ခရစ်ယန်ဘာသာဝင်ဆိုပေမဲ့ မြန်မာဆန်ဆန် ၀တ်လွန်းလို့ သဘောကျရတာ။ ပြီးတော့ ဆရာမကြီးရဲ့ ချစ်ဇာတ်လမ်းလေးကိုရောပေါ့။

MANORHARY said...

အယ်...အမရေ..မနော်က Uncle Wallace ကို
မနုဿကဆရာမှန်းတောင်မသိဘူး...
အော်..ခုမှသိတော့တယ်။ ဆရာမကြီးဆုံးတော့လေ
ကျန်ခဲ့တဲ့ Uncle Orlando ကိုသနားတာ
နောက်တော့မကြာဘူး..သူလည်းမောင်နှမတွေရှိရာသွား
တော့တာပဲ....

MANORHARY said...

sin dan lar : ဆရာကြီးဆုံးတော့ မမှားဘူးဆိုရင်
၄၉နှစ်ပဲရှိသေးတယ်ထင်တယ်။ငယ်သေးတယ်။ ဆရာမ
ကြီးနဲ့လည်းကွာတယ်။

craton : သားက ကလေးလေးရှိသေးတာကိုး

နွေဆူးလင်္ကာနဲ့ဒူကဘား ဆရာတွေကိုအောက်မေ့သတိ
ရတာမင်္ဂလာတစ်ပါးပါကွယ်။ ကိုမွန်းအောင်ရဲ့အဖေတော့
မသိဘူး။ကိုမွန်းအောင်ရဲ့အသံကိုတော့ခုထိသတိရနေ
တယ်။

ချိုသင်းတို့ကအဲဒီနားမှာနေခဲ့တာကိုး...တို့တွေခရစ္စ
မတ်၂ခုလောက်ဆက်ပြီးဆရာတို့ခြံကိုရောက်ခဲ့တယ်။
ခြံနံပါတ် ၁၄၉လေ...ပုဂံလမ်းနဲ့ အဓိပတိကအိမ်
တွေကတို့နေချင်ပြီးမနေခဲ့ရတဲ့နေရာတွေပေါ့...
အဖေကကျောင်းကပေမယ့် သားသမီး ၃ယောက်
တည်းမို့ဆိုလား မရဘူးလေ..စီနီယာတွေပုံနေတာ
လဲပါမှာပေါ့...။