သုံးနှစ်ပျောက်ခဲ့တဲ့ဝတ္ထု

Friday, December 26, 2008

ဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်မှာ မေးထားတယ်။ ဘုရင်ကြီးတစ်ပါးဟာ သုံး (၃)ဂဏန်းကိုမနှစ်သက်
လို့ သူ့တိုင်းပြည်မှာသုံးဂဏန်းကိုသုံးခွင့်မပေးဘူးတဲ့။ သုံး ဆိုရင်ကျော်ခဲ့ပြီး ၄ ကိုရောက်သွား
တယ်။ ၁၃ ဆိုမပါဘူး။ ၁၄ ကိုကျော်သွားတယ်။ အဲဒီတော့ ၁ ကနေ ၁၀၀၀ အတွင်းမှာဂဏန်း
လုံးရေဘယ်လောက်လျော့သွားမလဲတဲ့။ အဲလိုပုစ္ဆာကိုဖတ်ရင်းကိုယ်က ၃ ဂဏန်းတွေပါတဲ့
ဝတ္ထုတစ်ပုဒ်ကိုကောက်ရသွားတယ်။
တကယ်ပါပဲ။ မြန်မာတွေအယူအရကတော့ ပညတ်သွားရာဓါတ်သက်ပါတယ်ပဲပြောရမလား၊
ဥပါဒါန်ကြောင့်ဥပါဒ်ရောက်တယ်ပဲပြောရမလား (တစ်ခုမှ မ မှန်တာလည်းဖြစ်နိုင်တယ်။)း)
ကိုဦးဆွေက အဲဒီတုန်းက မဂ္ဂဇင်းအသစ်တစ်ခုလုပ်တယ်။ ပန်းတိုင် တဲ့။ စာမူတောင်းတယ်။
အရေးတကြီး ၊ဖုတ်ပူမီးတိုက်…တစ်ခုခုအတွက်အစားထိုးချင်လို့လည်းဖြစ်နိုင်တာပဲ…ဒါက သူ
တို့ကိုဝါရင့်အယ်ဒီတာကြီးတွေလုပ်နေကျ..။
“ မနက်ဖြန် သုံးနာရီလောက်တော့လာပေးပေးပါကွာ” တဲ့။
တိုက်တိုက်ဆိုင်ဆိုင် သူပြောတဲ့နေ့က အင်္ဂါနေ့။
နောက်နေ့သွားပေးလိုက်တယ်။ ပေးပြီးမကြာဘူး။သူအဲဒီမဂ္ဂဇင်းဆက်မလုပ်တော့ဘူးတဲ့…။
စာမူကိုတော့ပြန်ပေးမယ်ဆိုပြီးပျောက်သွားလိုက်တာ…တကယ်ပဲ ..သုံးနှစ်လောက်ကြာသွား
တယ်။ အဲဒီတော့မှ အဲဒီဝတ္ထုတို အတွက်ခေါင်းစဉ်အမှန်ကိုရတော့တာ။
သုံးနှစ်ပျောက်ခဲ့တဲ့ဝတ္ထု တဲ့။
အန်တီကလျာကိုပေးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဦးနေမျိုးအေး (ရဲခေါင်မဲမောင်)တောင်းတာ။
သူက အဲဒီတုန်းက ကလျာ မှာလေ။
ခုဒီဝတ္ထုလေးကိုပြန်ဖတ်တိုင်း ဘာလို့ရေးခဲ့မိမှန်းကိုယ့်ဟာကိုယ်တွေးမရဘူး။ ကိုယ်ရေးနေကျ
မျိုးလည်းမဟုတ်ဘူးလေ။ဖတ်ကြည့်ကြပါဦး။


သုံးနှစ်ပျောက်ခဲ့တဲ့ဝတ္ထု

“မြို့ပြင်ရောက်ဖို့ နောက်ထပ် ၃၃ မိနစ်လောက်လျှောက်ရဦးမယ်”
တောက် !.....။
အူကြောင်ကြောင်နိုင်လိုက်တာ။မြို့လည်ကနေမြို့ပြင်ရောက်ဖို့ ၃၃ မိနစ်တောင်ကြာတယ်တဲ့။
တော်တော်စိတ်ပျက်စရာကောင်းတယ်။
ခင်ဗျားပဲစဉ်းစားကြည့်လေ။
ဒီနေ့က ၃ လပိုင်း ၃ ရက် ၊ အင်္ဂါနေ့။
ညနေပိုင်းလေညင်းခံထွက်ချိန်မဟုတ်ပါပဲ မြို့ပြင်ထွက်ချင်နေတဲ့ကျွန်တော့်ရဲ့လက်ကနာရီက
၃ နာရီဆိုတဲ့ ဂဏန်းကိုပြနေတယ်။
ဟင့်အင်း။
မြို့ပြင်ကိုလမ်းလျှောက်မသွားဘူး။ကားနဲ့သွားမယ်။
ဘယ်လောက်ကြာမလဲ။
၃ မိနစ်တဲ့။ သေစမ်း။(မဖြစ်နိုင်တာပြောတာတောင်မှ ၃ နဲ့မလွတ်ဘူး..အံ့ရော )
ဒိထက်မြန်အောင်…ဟာ..ဒိထက်နှေးအောင်…တစ်နည်းနည်း….။
အင်း…..ဥာဏ်စမ်းပုစ္ဆာထဲကလို ဒီညနေခင်းအတွက် (၃)ဂဏန်းမပါရလို့အမိန့်ထုတ်ရင်ကောင်း
မလား။
ကားတစ်စင်းဖြတ်မောင်းသွားတယ်။နံပါတ်အနီပါ။
တားမလို့ကြည့်လိုက်တော့ နံပါတ်က ၁၃ တဲ့။
မောင်းစမ်းပစေ။ဘယ်ရောက်ရောက်….။
“ ဆိုက္ကား…ဆိုက္ကား…”
“ဘယ်လဲ…”
“မြို့ပြင်ကို..”
စကားမဆုံးလိုက်ဘူး။သတိဝင်ချိန်မှာဘီးသုံးဘီးလုံးက ကျွန်တော့်ကိုခြေစုံရပ်ပြနေပြီ။
“ ၁၃ ကျပ် ပါ”
၁၃ ကျပ်တဲ့။ ချာကနဲလှည့်ထွက်ပစ်လိုက်တဲ့ကျွန်တော့်ကိုဆိုက္ကားသမားက ၃ ခွန်းတိတိဆဲရေး
ပါတယ်။
“သုံးဂဏန်းတွေနဲ့မြို့”
တော်တော်ကိုစိတ်ပျက်စရာကောင်းတာပါ။
ဟူး…………..။
“ ဒီနားမှာ ခင်ဗျားရပ်နေတာ ၃ မိနစ်လောက်ရှိပြီ..ဒါမှတ်တိုင်မဟုတ်ဘူး။မှတ်တိုင်ကရှေ့မှာ….
ဒါနဲ့ခင်ဗျားကဧည့်သည်ထင်တယ်။ ဘယ်သွားချင်တာလဲ…”
“ မြို့ပြင်”
ကျွန်တော့်အသံကမာနေလားမသိဘူး။ရပ်နေတာပဲ ၃ မိနစ်တဲ့။မသကာ ၅ မိနစ် ၁၀ မိနစ်
လောက်ကြာမှလာကူညီပါတော့လား။မာကြောပြတ်တောက်တဲ့ ကျွန်တော့်စကားသံကြောင့်
အဲဒီလူမှုဝန်ထမ်းသမား တစ်ချက်ကြောင်သွားတယ်။ဒါပေမယ့်….
“ရှေ့ကိုဆက်လျှောက်လိုက်…၃ လမ်းထိပ်ရောက်ရင်မှတ်တိုင်တွေ့လိမ့်မယ်။အဲဒီကနေအမှတ်
၃ ကားကိုစောင့်စီး။သိပ်မပေးရပါဘူး။၃ ကျပ်..”
ကျွန်တော်အလကားနေရင်းလူသတ်မှုမဖြစ်ချင်ဘူး။ဒါကြောင့်လှည့်ထွက်ခဲ့လိုက်တယ်။သူပြော
တဲ့မှတ်တိုင်နဲ့ဆန့်ကျင်ဘက်နောက်ကြောင်းကမှတ်တိုင်ဆီကို။
နောက်ကြောင်းပြန်လျှောက်ရတာတော်တော်လေးဝေးပါတယ်။နာရီကတောင် ၃း၅၃ ကိုညွှန်ပြ
နေပြီ။ကားမှတ်တိုင်မှာလည်းလူကနည်းနည်းရယ်။
အမှတ် ၃ ကားက ၄း၀၃ ထိမလာသေးဘူး။
ဒါလည်းတစ်မျိုးကောင်းတာပဲ။နံပါတ် ၃ ကားမလာရင်ဒီကနေမြို့ပြင်ကိုလမ်းပြန်လျှောက်မယ်။
ဒါဆိုရင် ၃၃ မိနစ်မက တော့ဘူး။
အတွေးမဆုံးခင်ကျွန်တော့်မြင်ကွင်းထဲဘောလုံးသမား၃ယောက်ဘောလုံးတစ်လုံးကိုကိုင်ရင်း
ဖြတ်ဝင်လာတယ်။
သူတို့ရဲ့နောက်ကျောနံပါတ်တွေက ၃ ၊ ၁၃ ၊ ၂၃ တဲ့။
နောက်…..
ကျွန်တော်ရပ်နေတဲ့မှတ်တိုင်မှာပဲသူတို့ကားစောင့်ကြပါတယ်။ ကားစောင့်ရင်းသူတို့ကစားခဲ့တဲ့
ပွဲအကြောင်းစားမြုံ့ပြန်ကြပြန်ရော။ဖြစ်ချင်တော့သူတို့က တစ်ဖက်အသင်းနဲ့ ၃ ဂိုး၊၃ဂိုးနဲ့ သရေ
ကျခဲ့သတဲ့။ကျွန်တော်စိတ်ပျက်လိုက်တာ။
အဲဒီအချိန်မှာ….
တစ်ယောက်ကနာရီကြည့်ပြီး ….
“ ၃ ကားကလည်း ကြာလိုက်တာ..” တဲ့။
တော်ပါပြီ…။
အဲဒီ ၃ ဂိုး ၊ ၃ ဂိုးသရေကျအောင် ကစားခဲ့တဲ့ ၃ ရယ်၊၁၃ ရယ်၊၂၃ ရယ်နဲ့ နံပါတ် ၃ ကားကိုအ
တူစီးပြီး ကျွန်တော်မြို့ပြင်မထွက်ချင်တော့ဘူး။တည်းတဲ့အိမ်ပြန်တာပဲကောင်းပါတယ်။
အဲဒီ ..ခပ်တုံးတုံး ၃ မြို့လေးက ထိုင်နေဖို့ပဲကောင်းတဲ့မြို့။
မဟုတ်ရင် သွားလေရာမှာ…။
ကျွန်တော်အိမ်ပြန်လာခဲ့တယ်။
တည်းတဲ့အိမ်က ကျွန်တော့်သူငယ်ချင်းရဲ့အိမ်။ရောက်တာပဲ ၃ ရက်ရှိနေပြီ။ ခုမှသူ့အိမ်နံပါတ်
ကိုမြင်တယ်။Dancing Lady အိုးနဲ့ကွယ်နေတာကိုး။
အိမ်နံပါတ်က ၃၃၃၊စံပါယ်ရုံ ၃ လမ်း တဲ့။
စိတ်ပျက်လက်ပျက်နဲ့ နဖူးကိုလက်ဝါးနဲ့ပိတ်ရိုက်ပစ်လိုက်ပြီးအိမ်ထဲလှမ်းအ၀င်…
“ဟာ….အတော်ပဲဦးဦး…သားကိုကူပါဦး..”
ကွန်ပါချွန်၊စက်ဝိုင်ခြမ်း၊ပေတံ။ခဲတံတွေနဲ့အလုပ်ရှုပ်နေတဲ့ သူငယ်ချင်းရဲ့သားငယ်ကကျွန်တော့်
ကိုသူ့စာအုပ်နဲ့ပစ္စည်းတွေထိုးပေးပါတယ်။
“ဘာလဲကွ၊ဘာလုပ်ရမှာလဲ..”
“ဆရာမက သုံးနားညီတြိဂံဆွဲခိုင်းလိုက်လို့ ဦးရဲ့…သားကိုဆွဲပေးပါ..”
“သုံးနားညီ တြိဂံ…ဟုတ်လား”
“ဟုတ်တယ်။ထောင့်တစ်ထောင့်ကို ၆၀ဒီဂရီ ရှိရမယ်တဲ့”
ကလေးက ကျွန်တော့်ကိုမျက်နှာငယ်လေးနဲ့ပြန်ရှင်းပြတယ်။ကျွန်တော်ကလည်းကျွန်တော့်အခံ
နဲ့ကျွန်တော်။ တော်တော်စိတ်တိုနေပြီ…။
“မင်းအဖေရောကွ..”
သူမရှိလို့ ကျွန်တော်အခိုင်းခံရတာမဟုတ်လား။ဘာလို့လဲ မသိဘူး။ကလေးမျက်နှာက တစ်မျိုး
ဖြစ်သွားတယ်။
“ဖေဖေ မရှိဘူး ဦး”
“ ဟင်..ဘယ်သွားလဲ..”
“ခုနကပဲ..ကျွန်တော့် တတိယအစ်ကို လမ်းထိပ်မှာရန်ဖြစ်လို့ ဆေးရုံရောက်သွားတယ်။ဒါဏ်ရာ
က သုံးချက်ချုပ်ရတယ်တဲ့ ဦးရဲ့..အဲဒါ ဦး လက်ဖက်ရည်ဆိုင်ကပြန်လာရင် ပိုက်ဆံ ၃၀၀၀
လောက်ယူပြီးဆေးရုံလိုက်ခဲ့ပါတဲ့…စောစောကပဲဘေးအိမ်ကိုဖုန်းဆက်တယ်”
ကလေးက မောသွားသလိုတစ်ချက်နားတယ်။ ၃ စက္ကန့်လောက်ကြာမှ…
“ဦး…မသွားခင်..သားတြိဂံလေးဆွဲပေးသွားဦး”
ကလေးပီပီသူ့ကိစ္စကိုသူအရင်လုပ်ခိုင်းတယ်။
ကျွန်တော်ဘာလုပ်ရမလဲ….။
ကျွန်တော်ဘာလုပ်ရမလဲ….။
ကျွန်တော်ဘာလုပ်ရမလဲ….။
……………………………………….
……………………………………………………
ပထမ…….သုံးနားညီ တြိဂံဆွဲရမယ်။
ဒုတိယ…..ငွေ ၃၀၀၀ ယူ..။
တတိယ…..မြို့ပြင်မှာရှိတဲ့ဆေးရုံကို လမ်းလျှောက်သွားရင် ၃၃ မိနစ်။ အမှတ် ၃ ကားစီးသွား
ရင် ၁၃ မိနစ်၊ကားနဲ့သွားရင် ၃မိနစ် နဲ့ ကြိုက်ရာလမ်းကိုရွေးပြီး….
ကျွန်တော်သွားရုံပါပဲ။
လောလောဆယ်တော့ ၃ လပိုင်း ၃ ရက် အင်္ဂါနေ့ရယ်။ကျွန်တော်ရယ် ၊ငွေ ၃၀၀၀ရယ်၊ သုံးနား
ညီတြိဂံရယ်။သုံးပင်မကလိမ်နေဆဲ..။
မနော်ဟရီ
၁၉၉၈


16 Comments:

လွိုင်လင် said...

ကျွန်တော်လည်း ဒီဝတ္ထုကို ၃ မိနစ်တိတိကြာအောင် Scroll Bar ကို ၃ ခါဆွဲပြီး ဖတ်လိုက်ပါတယ်။ :D

Craton said...

၃ တွေနဲ့ချည်းဇာတ်လမ်းဆင်သွားတာ ကောင်းတယ်အန်တီနော်ရေ..။ သိသိချင်းလာဖတ်တာတောင် တစ်ယောက်ကဦးသွားသေးတယ်။း(

lotuslynn said...

ပညတ်သွားရာဓါတ်သတ်ပါ
ရှင်စပြောကတည်းက ၃ ခေါက်တိတိ refresh
လုပ်ပြီးမှ တက်လာတဲ့
၃ နှစ်တိတိကြာတဲ့ ဒီစာပိုဒ်ကို
ဆီပုံးမှာ
၃ခေါက်တိတိအော်အပြီး
ပါရှန်းပင်လယ်ကွေ့စံတော်ချိန် နေ့လည်
၁နာရီ၀၃ မိနစ်မှာ
ဒီ ကွန်မင့်ကိုရေးခဲ့ပါတယ်
တိုက်ဆိုင်ပါတယ် သူငယ်ချင်း
I'm not joking...........

ဂျူ

April said...

သုံးနှစ်ပျောက်ခဲ့တဲ့ ၀တ္ထုကို ၃ခါတိတိ ဖတ်လိုက်ပါတယ်။ ရှေ့မှာ ကွန်မန့်က ၃ယောက်တိတိ ဦးသွားတယ်။

မိုးနေ

အောင်သာငယ် said...

ကောင်းပါတယ်
ကောင်းပါတယ်
ကောင်းပါတယ်

ဇနိ said...

သုံး ၂ လီ ၆
၆ ယောက်မြောက်

အမရာ said...

ဒီတခါတော့သေချာသွားပြီ......
သုံးကြိမ်မြောက်ပေါ့............

ဆောင်းယွန်းလ said...

သုံးနှစ်ပျောက်သွားတဲ့ဝတ္ထုကိုကျနော်တို့ကသုံးနှစ်အကြာ
မှာဖတ်ရတာလား.မနော်ရေ..
သုံးနဲ့ဆင်ထားတဲ့ဇာတ်လမ်းလေးကကောင်းပါတယ်..
ကိုအောင်သာငယ်ကကောင်းပါတယ်လို့သုံးကြိမ်အော်
သွားခဲ့တယ်..
ကျနော်က..
ကြိုက်တယ်
ကြိုက်တယ်
ကြိုက်တယ်...

sweetpeony said...

ငါကတော့ မနော်ပြောတဲ့ ၃ နဲ့ လွတ်ပြီလို့  စဉ်းစားမိပြီး ကောမန့် ရေးလိုက်တော့မှ ၉ယောက်မြောက် ဖြစ်သွားပြီမနော်။
သုံး သုံးလီ ကိုး။

sweetpeony said...

OMG!! comment ရေးမိတဲ့ အချိန်က ၁နာရီ ၂၃ တဲ့။ ဒီကစံတော်ချိန်မှာ အမရေ။

myat said...

i wrote this comment at 3:33pm. :p

ကောင်းကင်ကို said...

သုံးတွေနဲ့ ဇာတ်လမ်းဆင်သွားတာ လှလိုက်တာ။ ကျွန်တော်က ဆယ့်နှစ်ခုမြောက်ကွန်မန့် ဆိုတော့ သုံးလေးလီ ဆယ့်နှစ်။ နောက်ပြီးတော့ ၁၂ ဆိုတော့ ၁+၂=၃

နန်းညီ said...

ကိုးနတ်ရှင်ကျကျသွားလို့ သုံးခါမက ပြန်လာမန့်ရတယ်.. အဟုတ် ..

အိုင်လွယ်ပန် said...

အတွေးလေးအရမ်းကောင်းတယ်အစ်မရေ...
ကြိုက်တယ်ဗျာ....
ရွှင်လန်းချမ်းမြေ့ပါစေ.............

Anonymous said...

မိုက်တယ်...
မိုက်တယ်...
မိုက်တယ်...

နွေဆူးလင်္ကာ said...

သူများတွေလိုတော့ မပြောတတ်ဘူး။ ဖတ်လို့ကောင်းတာတော့ အမှန်ပဲ။