ကကြီးခကွေးအိမ်ကိုပြေး...အပြေးမတတ်...

Tuesday, December 16, 2008

ကကြီးခခွေးအိမ်ကိုပြေး….
အပြေးမတတ်…………

ကချော်ကချွတ်နိုင်လှတဲ့ ကမ္ဘာထဲကိုကံအားလျော်စွာကစဥ့်ကလျားပြုတ်ကျခဲ့တာဟာ
ကံဇာတ်ဆရာရဲ့အလိုကျအတိုင်းများလား။ ဒီလောက်တောင်ကမောက်ကမနိုင်ခဲ့ရကောင်း
လားလို့..ကက်ကက်လန်ရန်တွေ့ဖို့ကျပြန်တော့လည်း ကျွန်မမှာက အဲဒီလိုနိမ့်ကျတဲ့ဗီဇက
ဘုရားသခင်ရဲ့ကောင်းချီးတစ်ခုအနေနဲ့ပါမလာခဲ့ပြန်ဘူး။ကျေးဇူးဆိုတာရှိမှကျေးစွပ်နိုင်တာ
ပဲ။ကြောက်စရာကောင်းတဲ့ကတိက၀တ်တွေနဲ့ဆန့်ကျင်ပြီး တည့်တည့်ကြီးထိုးခွင်းပျံသန်း
လာတဲ့ကျောဖက်ကဓါးတစ်ချောင်းဟာ “ကတညုတ”တရားနဲ့ဘယ်လိုများပတ်သက်နိုင်
မှာတဲ့လဲ။ကိုယ်ကျိုးအတွက်ကစိန်းက၀ါးကြည့်တတ်တဲ့သူတွေကို ကျွန်မကသီးခံလို့မရ
တတ်ဘူး။ ကရကဋ်ရာသီရဲ့တိမ်ထုကမှောင်လွန်းတယ်။တချို့သူတွေရဲ့လျို့ဝှက်လက်သည်း
ချွန်တွေလိုပဲ။
“ခန္တီစတရား”ဆိုတာတကယ်တော့ပညာရှိတွေရဲ့အလှစကားပါ။အမှန်ကအားမတန်လို့မာန်
ချလိုက်ရတာမျိုး။အဖက်မတန်လို့ကောမဖြစ်နိုင်ဘူးလား။ ခွန်းကြီးခွန်းငယ်စကားများရတာကို
သေမလောက်ကြောက်တတ်တဲ့စိတ်က ခံပြင်းစိတ်တွေကိုလျော့ပါးအားပျော့သွားစေခဲ့တယ်။
ဘ၀မှာခိုက်ရန်ဒေါသဖြစ်ရမှာကို မကောင်းမှုကျူးလွန်ရသလိုကြောက်တတ်တဲ့ကျွန်မက …
မကြာခဏချောက်ကမ်းပါးတွေနားကပ်လျှောက်နေခဲ့ရတယ်။ခလောက်ဆန်နေရမှနေသာတဲ့
လူတစ်ချို့ကိုခပ်ထတ်ထတ်လေးပြောကြည့်ဖို့ကြိုးစားပေမယ့်မအောင်မြင်ဘူး။ဝန်တိုမစ္ဆရစိတ်
များနေတဲ့လူတွေကိုကျကျနနလျှော်ဖွပ်ပေးဖို့ခ၀ါသည်ကောင်းကောင်းလိုနေတယ်။ခလုတ်တံ
သင်းနဲ့တူတဲ့အနှောက်မယှက်ဖြစ်နေတဲ့အမှိုက်သရိုက်တွေကိုစစ်ထုတ်ဖယ်ရှားပေးနေတဲ့ခြင်း
ကခြင်းကြားကြီးဖြစ်နေခဲ့တာကတော့ ကမ္ဘာကြီးရဲ့ကံပေါ့။
ငြိုးသူရန်ဖက်တွေအတွက်ဂြိုဟ်ပြေနံပြေယတြာခြေပေးဖို့လိုအပ်နေပုံပဲ။ကိုယ့်ဂုဏ်ကိုယ်ဖော်
မှလူသိမယ်ထင်တဲ့မသူတော်တွေကို ကျွန်မ မနေ့ကပဲအကောင်းစားကြည့်မှန်တွေလိုက်ဝေ
ပေးလိုက်သေးတယ်။တကယ်တော့ရှုပ်ထွေးပွေလီပြီးမာယာများလှတဲ့လောကနဲ့လားလားမှ
မအပ်စပ်တာက “ဃ”ပါ။
“ငါတကော”ကောနေတဲ့သူတွေကိုကြည့်ပြီးသံဝေဂတွေရလို့။ချောင်းကောမြောင်းကောတွေနဲ့
လူကောတွေဘယ်လိုကွာလဲသိချင်တယ်။ရွှေတကောကတော့လူတွေကိုဆီးကြိုနေလေရဲ့။ငြင်း
ခုံအော်ဟစ်ရန်အဆိုတင်သွင်းခဲ့တာမဟုတ်ရပါဘူး။ငါ့စကားနွားရပြောတတ်သူတွေကိုအံ့သြ
လွန်းလို့ပါ။တကယ်ဆိုကျွန်မကငြိမ်သက်ငြိမ်းအေးတာကိုပဲနှစ်သက်ပိုင်ဆိုင်ချင်တာပါ။
“စိုင်ကော်လို့ချုံပေါ်ရောက်”ခဲ့တဲ့သူတွေကိုကြည့်ပြီးထိုးကော်တင်ပေးမယ့်စိုင်တွေကိုတောနင်း
ရှာနေကြတာကိုစိတ်စနိုးစနောက်နဲ့ထိုင်ကြည့်နေမယ့်အစား စနစ်တကျစနည်းနာလိုက်ပါလား။
စနစ်တကျနဲ့ချုံပေါ်ရောက်ရေး plan တွေကိုတွေ့ရမှာပေါ့။စပ်ဆုပ်စရာကောင်းတဲ့စေတသိက်
တွေ၊စေတနာမပါတဲ့မာယာစကားလုံးတွေ၊အစွယ်ပုန်းတွေ၊စိတ်ကိုဥပါဒ်ပေးမယ့်မိန်းမလိုမိန်းမရ
တိမ်တိုက်တွေ၊မျိုးပွားရှင်သန်နေကြလေရဲ့။
ဆင်ခြင်တုံတရားဆိုတဲ့စကားလုံးကို လူတွေသုံးလာလိုက်တာဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်
တောင်မကတော့ဘူး။ဒီလိုနဲ့ဘ၀တွေဆတ်ဆတ်ခါနာခဲ့ရပေါင်းများပြီ။ကိုယ့်ဆင်ခြင်တုံတရားနဲ့
သူတစ်ပါးရဲ့ဆင်ကြံ ကြံမှုပက်ပင်းတိုးလာတဲ့အခါ..။ဆင်သေကိုဆိတ်ရေနဲ့မဖုံးရလောက်
အောင်မတုံးတော့တဲ့လူတွေကိုလည်းတွေ့ဖူးလာတယ်။သေပြီဆိုမှတော့ကွယ်။
ဇ၀က်သာနဲ့ဇာတိပ္ဖိုလ်သီးကိုရောစပ်ထားတဲ့ပရဆေးကိုမြင်ဖူးလား။ဘယ်လိုအသုံးကျလဲသိချင်
ရင်ဇာတ်ကြောင်းသာလှန်ကြည့်လိုက်ပေတော့။ဇာတ်သာလန်သွားမယ်ဇစ်မြစ်မတွေ့ရတဲ့ကိစ္စ
တွေလည်းရှိနေတာပါပဲ။ကျွန်မကိုဇိကုတ်ပြီးနတ်ပြည်တင်ပေးမှတော့ဇက်နာရုံပဲရှိတော့မှာပေါ့။
ဇာတ်ဆရာကတော့ဇာတ်ကိုပြင်ပေးမှာအဟုတ်ဘူး။ ဇဝေဇ၀ါနဲ့ဇိုးဇိုးဇတ်ဇတ်ကောက်ယူလိုက်
မိတဲ့ အရာဟာ ကျွန်မလက်ထဲမှာ ဇေ ပဲတဲ့။ Victory ဖြစ်ဖို့တစ်ဘ၀စာခြားသွားခဲ့တာကလွဲရင်
ပေါ့။
ဈာပနအခန်းအနားတစ်ခုရဲ့နိဂုံးတစ်ခုဟာစတင်မှုအသစ်တစ်ခုရဲ့အစဖြစ်တယ်။
သိပ်တော့မကောင်းပါဘူး။ကျွန်မလည်းလူကောင်းမှမဟုတ်တာ။ကျွန်မရဲ့အားနည်းချက်ကိုက
ငတုံးတွေကိုမုန်းတာ။ဥာဏ်နုံနဲ့ရတဲ့အထဲဥာဉ်ကလည်းဆိုးသေး…ဆိုတဲ့သူတွေကလည်းဒီ
လောကမှဒုနဲ့ဒေး။ဒါပေမယ့်သူတို့ရှင်သန်ပေါက်ရောက်နေကြတယ်။ဥာဏ်မရှိပေမယ့်ကံရှိတယ်
ဆိုလား…။သံသရာရထားကြီးကဆီကုန်နေတယ်။ညစ်ပုတ်ကပ်ကျယ်နဲ့လူတွင်ကျယ်လုပ်နေတဲ့
သူတွေကျန်းမာရေးကောင်းကြပါစေ။
ကြုံခဲ့ဆုံခဲ့သမျှစိတ်ညစ်ညူးစရာတွေကိုသာဋိကာချဲ့ရရင်“ဋိကာကျော်ကျမ်း”ကတောင်ငိုသွား
ဦးမယ်။ဌာန်ကရိုဏ်းကျကျရွတ်ဆိုရတဲ့ဂါထာတွေအကြောင်းပြောပြပါဦး။
တကယ်တမ်းကျတော့တက္ကသိုလ်ဆိုတာဘွဲ့တွေချည်းပဲပေးလိုက်တဲ့နေရာမဟုတ်ဘူး။ဒါပေ
မယ့်တော်တော်များများက ဒါကိုပဲတခုတ်တရယူခဲ့ကြတယ်။တံငါနားနီးတံငါဆိုတာကိုး။တစ်
ခုလပ်တစ်ယောက်ကိုတစေ့တစောင်းကြည့်ပြီးတခဲနက်တာဝန်မဲ့ဝေဖန်အားပေးချင်သူတွေ
ကလည်းအုံနဲ့ကျင်းနဲ့။လူဆိုတာကလည်းလူတိုင်းကိုကိုယ့်စေတသိက်နဲ့တွက်ကြတာကိုး..။
“ငါသာဆိုရင်လည်းသူ့လို…” လို့သူတို့မတွေးတာလား၊တွေးနိုင်စွမ်းပါမလာတာလားမသိဘူး။
တယောသံတွေကတအီအီနဲ့တလိမ့်ခေါက်ကွေးပြိုကျလာနေတယ်။ပျင်းစရာကောင်း
လိုက်တာ။တစည်းတလုံးတည်းရှင်သန်နေတဲ့မ တစ်ရာသားတွေကိုတွေ့ဖူးလို့လား။ အားလုံး
ကကိုယ်လှေကိုယ်ထိုးရင်းသူများလှေလှမ်းနှစ်ဖို့ကြိုးစားနေကြသူတွေများတယ်။ကိုယ်နဲ့နှိုင်း
မရိုင်းဆိုလား..။အရေးကြီးတာကလူလည်ကျနိုင်မှုကိုဥာဏ်ကြီးမှုလို့ထင်သွားမှာစိုးတာပါပဲ..။
ဒါကအန္တရာယ်ကြီးတယ်..။
ထီးချက်စောင့်နတ်သမီးတောင်လက်မှိုင်ချရတဲ့ထိ ကောက်ကျစ်ယုတ်မာတဲ့ပုစ္ဆာတွေ
လှိုင်းထနေခဲ့ကြပြီ။ထောင့်မှန်တစ်ခုရဲ့အတွင်းထောင့်ဟာ ..၉၀ံ တိတိကျကျရှိနေပါလျက်နဲ့
“ထောင့်မကျိုးဘူး”လို့အပြောခံရတာကလည်းရင်နာစရာ။ထုံထိုင်းထွားကျိုင်းလာတဲ့သူတွေကို
ထွေလီကာလီရှင်းပြမနေတော့ဘူး။သူတို့တွေနဲ့ထွေးရောယှက်တင်နေစရာအကြောင်းမှမရှိတာ
ကာကွယ်ဆေးရော ATD ရောထိုးထားသင့်တာပေါ့။
ဒလန်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ဟာကျွန်မနဲ့စိမ်းဝေးလွန်းလှပါတယ်။ကျွန်မကဒီဇင်ဘာ
လမှာမွေးခဲ့တာကိုး။ဒီဇိုင်းလှတပတလေးတွေနဲ့ယက်လုပ်ဖော်ကျူးထားတဲ့အနုပညာဟာဒုံးဝေး
လွန်းနေတယ်။မြင်းစီးလာခဲ့ပါလား။ခွာတော့မလိပ်စေနဲ့ပေါ့။ဒေ၀ဒတ်တောင်နားမခံသာတဲ့ဒိုက်
သရောတွေမျောပါလာနေတယ်။ခုခံကာကွယ်ဖို့ဒိုင်းလွှားတစ်ခုလောက်ပေးလိုက်ပါ။စိတ်ရဲ့ဒါဏ်
ရာဒါဏ်ချက်တွေနဲ့ထွက်ပေါက်မဲ့နေခဲ့တဲ့ဒိုင်ယာရီစာအုပ်ကလေးကသနားစရာ..။ဓနုရာသီမှာ
မွေးဖွားခဲ့တာကိုကစမှားတာထင်ပါရဲ့။ဓူဝံကြယ်ကတော့လမ်းပြပါရဲ့။ခက်တာကဓားစာခံသက်
သက်ဖြစ်နေတာ။
နကျယ်ကောင်လို့လာလို့ခေါ်ကြတာလဲ။နားစွန်နားဖျားနဲ့နားကြားများလွဲရော့လေသ
လား။နိမိတ်တွေကိုဖတ်ကြည့်တဲ့အခါနိယာမတရားတွေကအတုတွေ..။နက္ခတ်တွေကအလွဲ
လွဲအချော်ချော်…။နတ်သံနဲ့လာပစ်နေပုံက …နင်ပဲငဆနဲ့..။လူလည်းနွမ်းလျလာခဲ့ရပြီ။နှုတ်
ကြမ်းလျှာကြမ်းနဲ့နှုတ်တုံ့လှန်တတ်တဲ့သူတွေဟာ ဘယ်လိုကန္တာရတွေကပေါက်ရောက်လာ
ကြတာတဲ့လဲ…။နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့………..။
တကယ့်“ပကတိ”တရားကိုပြပါဆိုရင်ဒါဟာ “ပညာ”ပါပဲ။အဲဒီမှာ ပညတ်ချက်မပါဘူး။
ပစိပစပ်မများဘူး။ပြန်ပြောင်းပြောဆိုမနေတော့ပါဘူး။ပြဿဒါးရက်တွေက ပြဿနာတွေကို
သယ်သယ်လာတတ်လွန်းလို့။ဘ၀ဟာပုံသေကားကျတော့မဟုတ်နိုင်ဘူး။ပါချီပါချဲ့ပညာ
လောက်နဲ့တော့ နားလိုက်တာကောင်းမှာပါ။ပွဲလန့်တုန်းဖျာခင်းချင်သူတွေကအများသား…။
အဲဒီလူတွေကိုဖယ်ကျဉ်ထားခဲ့ဖို့ကောင်းပေမယ့်တချို့ကတော့ဒါကိုပဲ..မိုးရွာတုန်းရေခံတာ
လို့မြင်နေတော့မခက်လား…။
ဖားကိုဖုတ်ကျည်းသဂြိုဟ်ထားတဲ့ပုံနဲ့တော်တော်တူတာပဲ..။ဖောက်ချည်နဲ့တိုင်ချည်က
လည်းလွဲနေသေးတယ်။ဖက်ဆွတ်မိုးလေးရွာရုံဖက်ယားပင်တွေအပြိုင်းအယိုင်းပေါက်လာတာ
တော့လွန်လွန်းတယ်။လောကထဲကဖဲ့ထုတ်ဖို့ဆိုတာကလည်းဖြတ်ထိုးဥာဏ်ကောင်းဦးမှ…။
ခုတော့ဖျင်းလိုက်တာကလည်းချာလို့။ဖြစ်စဉ်တွေကိုပြန်ကြည့်တဲ့အခါ..မင်းကလွဲရင်ဖွဲနဲ့စကွဲ
ပါပဲ…တဲ့။ဖွဲတွေကပြာသွားတာတော့ဆိုးတယ်။
အထဲမှာဘာမှမပါတဲ့ဗလာစာအုပ်နဲ့တူတဲ့လူတချို့ကိုတွေ့ဖူးတယ်။တချို့ကတော့ဖြူစင်
ရိုးအ တာပေါ့။တချို့ကျတော့..ဘာတွေမှန်းကိုမသိတာ။ဗလာကောင်တွေ..။တချို့ကျတော့
ဗဟုသုတတွေစီတန်းထည့်ပြီးလိုသလိုဆွဲဆွဲသုံးတတ်ကြတယ်။သူတို့ကျတော့ဘယ်လိုခေါ်မလဲ
ဗုံမဟုတ်ပတ်မဟုတ်နဲ့…။ဗလစ်ဗလစ်နဲ့ဗလောင်းဗလဲပြောတတ်တဲ့သူတစ်ယောက်ကိုတွေ့ဖူး
လား..။ဟိုရှေ့နားကဗွက်အိုင်ကိုကျော်ရင်သူ့ဆီရောက်ပြီ။
ဘူတာရုံတွေတောင်ချိတ်ပိတ်ထားရတဲ့ရထားတစ်စင်းကိုလည်းကျွန်မတွေ့ဖူးတာပဲ..။
ရေဆူမှတ်တောင်ရောက်နေပြီ။ဘောင်ဘင်ခတ်သံတွေဆူညံလိုက်တာနားမခံသာဘူး..။ခုကျမှ
လည်းဒီကစားပွဲကနေဘွာခတ်လို့ရမှာမှမဟုတ်တာ။ဘွဲ့ထူးဂုဏ်ထူးတွေပေးလို့ရရင်တောင်ပေး
လိုက်ချင်ပါရဲ့။ဘုံကြိုးပြတ်တဲ့နတ်ဘီလူးမကြီးရယ်။
လူတွေများခက်တာ။ဘာမှပြန်လှန်မပြောနိုင်တဲ့ဝိညာဉ်တွေကိုခေါ်ပုံက “မကောင်းဆိုးဝါး”တဲ့။တညင်းသီးကပြန်နံနေတာမျိုးထင်ပါရဲ့။မကြားဝံ့မနာသာစကားတွေကို
မချိသွားဖြဲလေးနဲ့မချိမဆန့်ခံနေရတဲ့လူတွေကိုတော့ကိုယ်ချင်းစာပါတယ်။မလုံမလဲနဲ့ထွက်ကျ
လာတဲ့မလှိမ့်တပတ်စကားတွေကိုဘယ်သူကမထီတရီနားထောင်နိုင်မှာတဲ့လဲ။မနုသီဟကမှဖင်
နှစ်ခွထဲရှိတာ။မြွေဟောက်ကလျှာနှစ်ခွနဲ့။မှော်ဆရာရေ..အဲဒီမြို့ကလေးကိုဘယ်လိုမှမကယ်
တင်နိုင်တော့ဘူးလား။မိုက်မိုက်မဲမဲနဲ့မွန်မြတ်နေမိတဲ့ဘ၀ပါ။
ရှေ့မှာယီးတီးယားတားလာလုပ်နေပုံကိုက ကြည့်ရတာရင်ထဲမှာယားကျိကျိဖြစ်လာစေ
တယ်။ယစ်ထုတ်တွေကတော့ကမ္ဘာကြီးလည်လို့လည်နေမှန်းတောင်မသိကြဘူး။ယောက်ယက်
ခတ်နေတဲ့ယောက်မတွေမွှေနှောက်နေပုံကအော်ဂလီဆန်စရာကောင်းလိုက်တာ။ယေရှုသခင်
ကိုယ်တော်..ကယ်တင်ပါ။ယူကျုံးမရနေ့ရက်တွေကိုတော့ထားခဲ့လိုက်ပါပြီ။ဘယ်သူ့ဘယ်သူမှ
ယိုးစွပ်မနေတော့ပါဘူး။
ရာဇဂုဏ်မောက်ဖို့ဆိုတာက လွယ်တာမှတ်လို့။ရာသက်ပန်ရိုးမြေကျတဲ့..။ရေစက်..တဲ့။
ရူးကြောင်ကြောင်စကားလုံးတွေရေရွတ်ပြနေတာ။ခင်ဗျား..ခုထိမရင့်ကျက်နိုင်သေးဘူးလား…။
လူကဖြင့်ရင့်ရော်နေခဲ့ပြီ။တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းပြီးတခြားသူတစ်ယောက်ကိုရိသဲ့သဲ့နဲ့
ရိုင်းပြရတာ အရသာလား..။လောကနိတိအကောင်းစားတွေကိုတော့ထားခဲ့လိုက်ပါတော့။
ကိုယ်ဖော်တဲ့ဆေးကိုယ်မစားနိုင်ဖြစ်မှာစိုးရတယ်လေ။
လိုင်းတွေပူးနေတယ်။ပန်းချီပြပွဲကဂီတသံတွေ..ဂီတပဒေသာပွဲကအရောင်တွေ၊စာမျက်
နှာထက်ကသံစဉ်တွေ၊သံစဉ်တွေကြားက ကလောင်သွားတွေ၊မူယာမာယာတွေနဲ့ပြုလုပ်ထား
တဲ့စကားလုံးတွေ၊စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့မာယာတွေ ။ကျွန်မလွတ်ငြိမ်းအေးချမ်းခွင့်ရ
ချင်ပါပြီ။လွတ်မြောက်ငြိမ်သက်ခွင့်ရချင်ပါပြီ။လွတ်လပ်နေပျော်ခွင့်ရချင်ပါပြီ။လွတ်ကျွတ်ပျော်
မောခွင့်ရချင်ပါပြီ။လှည့်ပတ်ပြောနေရတာမမောဘူးလား။လက်ပမ်းကျနေရင်လည်းလက်မှတ်
ဝယ်ပြီးလေယာဉ်ခရီးစဉ်ပြောင်းကြည့်သင့်တယ်။လမ်းခုလတ်ကျကာမှလက်သည်မပေါ်မှာ
မကြောက်ဘူးလား။
ဝါရမိတ္တူကြီးနေ့တဲ့၊မဟာရက်ကြမ်းတဲ့၊သမားညိုနေ့တဲ့။ဘယ်မှာလဲ..ရက်ရာဇာ..။ဝင်္က
ပါတွေကတင်းကြမ်းနဲ့။ဝဋ်ကြွေးကခုထိမပြေနိုင်ဘူး။ဒီဝဲသြဃသံသရာကိုတော့နောက်တစ်
ခေါက်ပြန်မလည်ချင်ပါဘူး။ဝင်္ကန္တဥာဏ်နည်းနည်းပေးပါ။ဝါသနာထုံလို့တော့မဟုတ်ပါဘူး။ဝမရှိ
ပဲဝိလုပ်ကြည်ချင်တာသက်သက်ပါ။
သတင်းစကားတွေကြားနေရတယ်။အရေးကြီးတာက အတင်းအဓမ္မလာမပြောဖို့ပါပဲ။
သမာသမတ်ကျကျဆုံးဖြတ်ပေးပါ့မယ်။တစ်ထွာလောက်ရှိတဲ့သမုဒ္ဒရာထဲခြေကုန်လက်ပမ်းကျ
နေရတဲ့အထဲ….။သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တွေကလည်းမကယ်နိုင်ပြန်ဘူး။သံမဏိ
စကားလုံးတွေနဲ့ရေးဖွဲ့ထားတဲ့သေတမ်းစာကိုပဲသူရဲဘောနည်းစွာရေးခဲ့ရတော့မှာပေါ့။သိကြား
မင်းနဲ့သဟဇာတဖြစ်ခွင့်ရမယ်ဆိုရင်တော့၊ကြေးဝါသော့လေးတစ်ချောင်းအပ်ခဲ့ချင်တယ်။သူ
တော်ကောင်းတရားတွေအတွက်ပါ။သုညတ္တတရားကတော့လွင့်ပါးသွားခဲ့ရပြီ။
ဟိတ်ဟန်ထုတ်နေတဲ့ဟိရိသြတ္တပ္ပတရားတွေက ဟဿရသမြောက်လွန်းတယ်။ဟုပ်က
နဲငြိမ်းသွားခဲ့ပြီ…။ဟိမ၀န္တာချီးမွမ်းခန်းဖွင့်မနေတော့ပါဘူး။အပေါ်ကိုမော့ကြည့်ရင်းဟပ်ထိုးလဲ
မှာစိုးရသေးတယ်။ဠင်းတလောက်တော့ငှက်တိုင်းလှကြပါတယ်တဲ့။ဒါဟာလည်းရွှေပြည်အေး
တရားတစ်မျိုးပဲပေါ့။
အခိုက်အတန့်ဆိုတဲ့ခဏလေးမှာတောင် အမနာပတွေနဲ့ အကုသိုလ်ရှာချင်နေကြ..၊
အငြိုးထားချင်နေကြတာကိုအံ့သြမိပါရဲ့။အတုံ့အလှည့်ဆိုတာရှိပေမယ့်လှည့်မနေတော့တာ
ကောင်းပါတယ်။အမျှအတန်းဝေရေစက်ချလိုက်တာကောင်းတာပေါ့။အတိတ်နိမိတ်တွေအရ
ကတော့ကောင်းကင်မှာနက္ခတ်တွေစုံလို့။အတိအလင်းကြေညာမထားတာကလွဲရင်ပေါ့..။
အာလာပသလ္လာပစကားတွေကြားထဲညပ်ပါလာတဲ့အလိမ်အကောက်တွေကိုမြင်ရတော့…
အဆင့်အတန်းဆိုတဲ့ဝေါဟာရကိုသတိရမိတယ်။ဒီလိုနဲ့ပဲ…အတွင်းကြေ..ကြေခဲ့ရပေါ့……..။
ဥပါဒါန်ကြောင့်ဥပါဒ်ရောက်မှာစိုးရင်းစိုးရင်းနဲ့ပဲ..ဥမ္မတကောတွေနဲ့မျောခဲ့ရတာ…..။
တကယ်ဆိုဥပဓိရုပ်ကိုကြည့်မိသင့်တာပေါ့။ခုတော့...ဤရွေ့ဤမျှသာ…လို့ပြောရုံကလွဲလို့
ဘာမှမတတ်နိုင်တော့တာသေချာသွားခဲ့ပါပြီ။ ဤရွေ့ဤမျှသာ…။ ။
မနော်ဟရီ


18 Comments:

လွမ်းသုရင် said...

ပထမဆုံး ကွန်းမန့်ပေးဖူးတာပါ အစ်မ...
ဆရာမ မေငြိမ်းဆီမှာ ရေးခဲ့တဲ့
အမရေ..သတ္တိရှိရှိနဲ့ရေးပြတာကိုချီးကျူးပါတယ်။
ဘ၀ဆိုတာကလည်းကိုယ်ဇာတ်ညွှန်းရေးသလိုသာ
သာယာကြစတမ်းဆိုရင်ကိုယ်တွေလိုစာရေးဆရာမ
တွေလောက်ဘယ်သူရေးနိုင်မှာတဲ့လဲ...
ဖြစ်လာတဲ့ဘ၀ကံကြမ္မာကို ကိုယ်ကိုယ်တိုင်ပဲနားလည်
ရင်ဆိုင်ရတာလေ..ကဲ့ရဲ့သူချီးမွမ်းသူဆိုတာက
အပြင်ကနေလေကလေးစိုက်ရုံလောက်ပါ...

ဆိုတဲ့ ကွန်းမန့်လေးကို အရမ်းသဘောကျလို့ပါ။ အစ်မပြောတာ မှန်လိုက်တာလို့လည်း တွေးမိတယ်။ ဒီအတွေးအတွက် ကျေးဇူးတင်ပါတယ်။

Craton said...

အန်တီနော်..
ဖတ်ပြီးတော့ နားလည်တစ်ချို့၊ နားမလည်တစ်ဝက်နဲ့ပေမယ့် ဒီဝဋ်ကြွေးတွေကနေမလွတ်သရွေ့ ရင်ဆိုင်နိုင်တဲ့ သတ္တိတွေအပြည့် ရှေ့ဆက်ရှိနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ခရစ်ယာန်တစ်ယောက်ဆိုပေမယ့် အန်တီနော်ရဲ့ တရားသဘောတွေ အများကြီးပါအောင် ရေးသားနိုင်မှုတွေကို အံ့သြချီးကျူးမိပါတယ်ဗျာ...

သားအားပေးနေလျက်ပါ..

မေငြိမ်း said...

ဟေး အမိစား ကကြီး ခကွေးပါကလား..။
အမဖြင့် တခါမှ အဲလို မတွေးမိ။ လှတယ်။ ကျွန်မကိုဇိကုတ်ပြီးနတ်ပြည်တင်ပေးမှတော့ဇက်နာရုံပဲရှိတော့မှာပေါ့။
ဇာတ်ဆရာကတော့ဇာတ်ကိုပြင်ပေးမှာအဟုတ်ဘူး။ ဇဝေဇ၀ါနဲ့ဇိုးဇိုးဇတ်ဇတ်ကောက်ယူလိုက်
မိတဲ့ အရာဟာ ကျွန်မလက်ထဲမှာ ဇေ ပဲတဲ့။ Victory ဖြစ်ဖို့တစ်ဘ၀စာခြားသွားခဲ့တာကလွဲရင်
ပေါ့။
ပစိပစပ်မများဘူး။ပြန်ပြောင်းပြောဆိုမနေတော့ပါဘူး။ပြဿဒါးရက်တွေက ပြဿနာတွေကို
သယ်သယ်လာတတ်လွန်းလို့။ဘ၀ဟာပုံသေကားကျတော့မဟုတ်နိုင်ဘူး။ပါချီပါချဲ့ပညာ
လောက်နဲ့တော့ နားလိုက်တာကောင်းမှာပါ။ပွဲလန့်တုန်းဖျာခင်းချင်သူတွေကအများသား…။
အဲဒီလူတွေကိုဖယ်ကျဉ်ထားခဲ့ဖို့ကောင်းပေမယ့်တချို့ကတော့ဒါကိုပဲ..မိုးရွာတုန်းရေခံတာ
လို့မြင်နေတော့မခက်လား…။
:)

ဆောင်းယွန်းလ said...

အမရေ..
ကကြီးကနေအအထိပြေပြေပြစ်ပြစ်နဲ့ရေးခြစ်ထားပုံက
သိပ်ကိုခမ်းနားလွန်းပါတယ်..
လေးစားတယ်ဗျို့

ယောနသံစင်ရော် said...

မနော် ဒီစာလေးကို သိမ်းထားခွင့်ပြုပါ.။

MANORHARY said...

လွမ်းသုရင်..အရမ်းကောင်းတဲ့ဝတ္ထုလေးတွေကိုသွားပြန်
ဖတ်ခဲ့ပါတယ်။ ဆက်ရေးပါနော်..။
craton : သားကငယ်သေးလို့နားမလည်နိုင်သေးတာ
ဖြစ်မှာပါ...ဘ၀တွေဆိုတာဒီလိုပဲ ကလေးရဲ့..
ဆုတောင်းအတွက်ကျေးဇူးနော်...
အမမေငြိမ်းး စာကိုရိုက်နေရင်းနဲ့ အမကိုသတိရနေမိ
တာ..ဘယ်နေရာတွေမှာလဲလို့မေးစရာမလိုဘူးထင်တယ်
နော်...
ဆောင်းယွန်းလး ကျေးဇူးပါ...ချမ်းမြေ့ပါစေ..
ယောနသံဇင်ယော်း သိမ်းထားပေးတာကိုပဲကျေးဇူးတင်တာပါ၊ဒီနေ့မနက်ပဲ
မိုးနေနဲ့တွေ့လို့ ယောနသံဇင်ယော်လေးအကြောင်း
ပြောဖြစ်သေးတယ်။

lwantakhin said...

အမရေ ပထမဆုံးအကြိမ်လာလည်ခြင်းပါ တချို့  ဟာ တွေနားမလည်ပေမယ့် တော်တော်သဘောကျပါတယ် လူတွေရဲ့သဘောကိုအများကြီးတွေ့ ရပါတယ် ကိုယ့်ကိုကိုယ် လည်းအများကြီးဆင်ခြင်ပြီး စိတ်ကိုပြင် ရမယ်ဆိုတာ ပိုသိသွားပါတယ် ပျော်ရွှင်ပါစေရှင်

ယောနသံစင်ရော် said...

မနော် .. သတိတရနဲ့ပြောဖြစ်ကြတာကို ကျေးဇူးပါ အမ။

Republic said...

လာရောက်မှတ်သားပါတယ် ၊၊စကားလုံးလေးတွေကောင်းတယ်ဗျာ

April said...

မ...ရေ
ရေးထားတာ...အရမ်းလှပြီး ခမ်းနားလွန်းတယ်... မှတ်ထားပြီး ကူးသွားတယ်နော်....

ချစ်ခင်လေးစားလျက်
မိုးနေ

အမရာ said...

အရမ်းကိုနှစ်သက်မိပါတယ်........

ကောင်းကင်ကို said...

အရမ်းလှပတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ပါလား အစ်မ။

ကလိုစေးထူး said...

နကျယ်ကောင်ဆိုတာ ကျနော့် ဇာတ်ကောင်ဗျ။ :D (ကြော်ငြာက ၀င်လိုက်သေး) မနေ့က ကျနော်ကြည့်မိတဲ့ ကြည့်မှန်တချပ်က အမ ပေးလိုက်တဲ့ မှန်ပဲဖြစ်ရမယ်။ အကြိုက်ဆုံး တကြောင်း...၊ ထောင့်မှန်တစ်ခုရဲ့အတွင်းထောင့်ဟာ ..၉၀ံ တိတိကျကျရှိနေပါလျက်နဲ့
“ထောင့်မကျိုးဘူး”လို့အပြောခံရတာကလည်းရင်နာစရာ။

(ဒါနဲ့အမ၊ အမစာရိုက်တာ စပေ့တွေ သိပ်မခြားမိဘူးထင်တယ်နော်၊ ဆရာလုပ်တာတော့ မဟုတ်ပါဘူး:) )

တွင်းပိုး said...

I likr this.

December Cinderella said...

Ma Nor

Thks 4 ur comment at my BD post.
But, let me express my sincere thanks and deepest appreciation for this post. I do like it and let me keep it.
You are talented and genius person to compose such an amazing one. Please continue to write this kinda post.
Thanks again.

Misses
Sint

MANORHARY said...

ကလိုစေးထူးရဲ့ဇာတ်ကောင်းကနကျယ်ကောင်တဲ့လား
ခုမှစာကိုစရိုက်တတ်ကာစမို့ပါကွယ်၊ပြီးတော့စာကိုအား
တဲ့ချိန်ကမန်းကတန်းရိုက်ရတာမို့လည်းဖြစ်ပါလိမ့်မယ်
(ဆင်ခြေပေးတာ...းP ကြိုက်တတ်ရင်စွပ်ပြုတ်လုပ်
သောက်ဖို့....းP..)
လွမ်းသခင်၊Republic၊အမရာ၊ကောင်းကင်ကို၊မိုးနေ၊
တွင်းပိုး..ကျေးဇူးပါ..
SST...thanks for your appreciation
and your little one become handsome ;P but I'm not sure you
can wait for him or not ...;)
coz...I found sth in your post ..right??

လင်း said...

သိပ်လှတဲ့စာတပုဒ် ။
ခုတော့...ဤရွေ့ဤမျှသာ…လို့ပြောရုံကလွဲလို့
ဘာမှမတတ်နိုင်တော့တာသေချာသွားခဲ့ပါပြီ။ ဤရွေ့ဤမျှသာ…။

pandora said...

အခုမှ တစ်လုံးချင်း လာဖတ်သွားရတယ် မ ရေ..။
တော်တော်ဦးဏှောက်စားပြီး ရေးရမယ့် စာပဲ။