မှတ်စုများ

Wednesday, November 19, 2008

မှတ်စုများ


ဖေဖေ နဲ့ မေမေ

သူတို့ကျွန်မကို ဒီကမ္ဘာမြေဆီခေါ်ဆောင်လာတုန်းကတော့ ကျွန်မဟာ “ရတနာ”တစ်ပွင့်ပါပဲ..။တယုတယသိမ်းဆည်းထားခဲ့ကြသလို “တန်ဖိုး”
လည်းရှိခွင့်ရခဲ့ပါတယ်။ကျေးဇူး အနန္တပါ..မေမေ..ကျေးဇူးအနန္တပါ ဖေဖေ..။ ဒီကျေးဇူးတွေကိုကျွန်မက ခုထိဆပ်ခွင့်မကြုံခဲ့သေးဘူး…။ပြီးတော့..သူတို့ ဒိုင်ယာရီထဲက ပြဿဒါးရက်တစ်ရက်ကိုလည်း ခုထိဖဲ့ထုတ်မပေးနိုင်ခဲ့သေး
ဘူး…။ပဉ္စလက်တန်ခိုးနဲ့ သူတို့ရဲ့ပန်းလေးတစ်ပွင့်ခိုးယူခံလိုက်ရတဲ့နေ့တစ်
နေ့ပေါ့..။ကျွန်မဟာ လောကကြီးရဲ့အပူအအေးတွေကို မမျှမတခံစားခဲ့ရပြီး
ပါပြီမေမေ..။နေပူခံထွက်လျှောက်ခဲ့ပြီးကာမှ ပြန်စရာလမ်းကပျောက်နေခဲ့
ရပြန်တယ်…။မေမေရယ်….မေမေ့ရင်ခွင်ဆီကထွက်ခွာခဲ့တဲ့လမ်းကလေးကို
ပြန်လည်တည့်မတ်ပေးပါဦး..။ကျွန်မလှည့်ပြန်ချင်လှပါပြီ…။


မနှင်းဖြူ နဲ့ နဂါးလေး

မနှင်းဖြူဆိုတာ ကျွန်မနောက်မှ ကမ္ဘာကြီးးကိုခြေချခွင့်ရတဲ့ညီမလေးပါ…။
နဂါးလေးကတော့ အငယ်ဆုံးပေါ့…။နှင်းငွေ့တွေလိုသိပ်သည်းအေးစိမ့်နေတတ်
တဲ့ မနှင်းဖြူလေး က ကင်းမြီးကောက်တွေလိုပဲ..အဆိပ်ပြင်းတယ်။ နဂါးတွေရဲ့
မျက်စောင်းကလည်းအကြောင်းမရွေးတတ်ပါဘူး…။ဒါနဲ့တောင် ကျွန်မက စည်း
အပြင်ကိုကိုယ်တိုင်ထွက်ခဲ့မိတာလေ..။ခွင့်လွှတ်ပါညီမလေးရေ..။ခံတပ်တွေ
ကောင်းတိုင်းလည်းတိုက်ပွဲတွေမနိုင် နိုင်ပါဘူး..။ကံကြမ္မာကရှိသေးတယ်လေ.။
ကျွန်မကတော့ ရူးရူးမိုက်မိုက်နဲ့ သစ္စာရှိခွေးလေးတစ်ကောင်နဲ့တူတုန်းပါပဲ…။
ခုချိန်ကျကာမှ ငှက်ကုလားအုတ်လည်းဖြစ်ခွင့်မရ..။ရေခဲငှက် ဘ၀ကိုလည်း အခဲမကြေနဲ့..။နေ့ရက်တွေကိုရုန်းကန်ထုတ်နေတဲ့ ကျွန်မကိုသူတို့က ကရုဏာ
သက်နေကြတုန်း..။ကျွန်မ တရားခဲ့ပါသလား..။


မျက်လှည့်ဆရာ

ကိုယ့်ကိုယ်ကို “ုမျက်လှည့်ဆရာပါ ”လို့ကြေညာထားပါလျက် နဲ့ တအံ့တသြငေး
မောကြည့်မိတာ ကတော့ …ပဉ္စလက်ရဲ့တန်ခိုးပဲလား..။ကိုယ်ကိုယ်တိုင်ရဲ့ညံ့
ဖျင်းမှုပဲလားတော့မသိပါဘူး..။အံစာအပွင့်တွေကိုရေတွက်ရင်း ကြွေအံမကစား
တတ်တဲ့ ဘုရားသခင်ကိုတိုင်တည်ရင်း..ပွဲခင်းထဲ အဆိပ်တက်ခဲ့ရတာလေ…။
လှည့်စားမှုတွေမှန်းသိသိကြီးနဲ့ အားတင်း ယုံကြည်ပစ်လိုက်ရတာ ..။တကယ်
တော့..ပျင်းစရာကောင်းသလိုနာကျည်းစရာလည်းကောင်းပါတယ်..။အားတင်း
လှည့်ထွက်ဖို့ကြိုးစားလိုက်ချိန်မှာ..ကျွန်မခြေထောက်မှာ အမြစ်တွေကဖွာရရာ
ကျဲပြန့်လို့..။ဥယျာဉ်မှူးတစ်ဦးတော့ အလိုရှိနေခဲ့ပြီ..။ ကျွန်မကို အမြစ်က တူး
ထုတ်သွားနိုင်ဖို့ပေါ့…။အသက်ရှင်လျက်နဲ့လေ..။


မိတ်ဆွေ

ကျွန်မဘ၀တစ်လျှောက်မှာ..“မိတ်ဆွေ”လို့ခေါ်လို့ရတဲ့ လူတချို့နဲ့ဆုံတွေ့ခဲ့ရဖူး
တယ်..။အဲဒီ “မိတ်ဆွေ” ဆိုတဲ့ဝေါဟာရကိုတိတိကျကျ..အဓိပ္ပါယ် မဖွင့်ဆိုရ
သေးခင်မှာပဲ..ကျွန်မက မိတ်ဆွေ သုံးမျိုးသုံးစား ရှိတာကိုတွေ့လိုက်ရပြီးနေပြီ။
ပထမ အမျိုးအစားက “လေ” နဲ့တူတယ်..။ကိုယ်က အောက်စီဂျင် အဖြစ်ရှူ
သွင်းလို့ရသလို..ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ်လည်းရှူထုတ်လိုက်လို့ရတယ်။
သူတို့ဟာ ရန်သူတွေလည်းမဟုတ်ကြသလို မိတ်ဆွေစစ်တွေလည်းမဟုတ်ကြ
ဘူး..။
ဒုတိယတစ်မျိုးကတော့..နောက်ကျောကဓါးတွေနဲ့တူတယ်။မျက်နှာဖုံးအတုတွေလည်းစွပ်ထားကြသေးရဲ့..။ခက်တာက မျက်နှာဖုံးမှန်းသိသိနဲ့ ဆွဲခွာမရခဲ့တာ
လေ…။သူတို့ဟာ ရန်သူစစ်စစ်တွေပါပဲ..။
တတိယတစ်မျိုးကတော့ ပုလဲနဲ့တူတယ်..။သူတို့ကိုရှာဖို့ဆိုတာ ဟိုးရေနက်ထဲ
ထိကိုယ်တိုင်ဆင်း ပြီး ကိုယ်တိုင်အမွန်းခံရသေးတယ်။ တွေ့ချင်မှလည်းတွေ့
ရတတ်တာမျိုးလေ..။ကိုယ်တိုင်က ဆလုံတွေလိုရေငုတ်ကျွမ်းကျင်ဖို့ကလည်း
လိုပါသေးတယ်။


ရှေ့ဖြစ်ဖတ်သူများ

ကျွန်မက ကံဇာတာကိုစစ်ဆေးဖို့ဝါသနာပါတတ်တဲ့သူတစ်ယောက်မဟုတ်လေ
တော့ ဘယ်ရှေ့ဖြစ်ဖတ်ဆရာကိုမှ ဘာမှ မမေးခဲ့ဖူးဘူး..။ဘာလို့လဲဆိုတော့
ကျွန်မဟာ ဘုရားသခင်ရဲ့စာမျက်နှာတွေနဲ့လူဖြစ်ခဲ့ရတာ လို့ ကိုယ့်ကိုယ်ကို ယုံ
ကြည်တယ်လေ..။ဒါဟာ..ကျွန်မအတွက် လုံလောက်တဲ့အဖြေပါ..။ကျွန်မလက်
ကလိုင်းတွေကိုပြုပြင်ဆွဲသားနိုင်သူဟာ ဘုရားသခင်ကလွဲလို့ဘယ်သူမှမဖြစ်
နိုင်ပါဘူး..။ကျွန်မရဲ့ကောင်းခြင်းဆိုးခြင်းတွေဟာ ဘုရားသခင် ထံကလာတဲ့ ဆု
ကြေး၊ဒဏ်ကြေးတွေပဲဖြစ်တယ်လို့ ကျွန်မယုံကြည်ထားပါတယ်။လူတွေဟာစိုက်
တဲ့အတိုင်းးရိတ်သိမ်းတတ်ကြရတာပဲမဟုတ်လား..။သူတစ်ပါးစိုက်ထားတာတွေ
ကိုခိုးယူရိတ်သိမ်းတတ်တဲ့ သူတချို့ကလွဲရင်ပေါ့…။



ဆရာဝန်

သူတို့ကိုကြည့်ရတာ တဖြည်းဖြည်းနဲ့ဆောင်းဥတုဆန်လာတယ်။နှင်းတောထဲ
မှာ စမ်းတ၀ါးဝါးနဲ့လျှောက်နေကြတဲ့သူတွေလိုပဲ..။တချို့ကျတော့လည်း ရူပဗေ
ဒ ပညာရှင်ဆန်ချင်လာတယ်။ သီအိုရီအကိုးအကားနဲ့ သက်သေပြချက်မခိုင်လုံ
ရင်ဘာမှမလုပ်တတ်ကြတော့သလိုပဲ..။ကျွန်မကမွန်းကြပ်နေချိန်မှာ သူတို့က
ကျွန်မကိုစစ်ဆေးရေးအတွက် ညွှန်ကြားချက်တွေပေးလို့ကောင်းတုန်း..။ကျွန်မ
ကနာကျင်ခံစားနေရချိန်မှာ..သူတို့က results တွေကိုဇဝေဇ၀ါဖတ်တုန်း…။
ကျွန်မက အသက်ငင်နေတဲ့အချိန်အထိသူတို့ကခေါင်းခါငြင်းပယ် တုန်း…။
Hypnosis ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ Psychiatrist များရှိရင်တော့ ကျွန်မ ကုသ
ခံချင်ပါတယ်..။ဒါမှမဟုတ်လည်း တစ်လောကလုံးကို အိပ်မွေ့ချ..အသစ်ကပြန်
စခိုင်းချင်ပါတယ်။


ဇာတ်ခုံ

အလိုမတူပဲကရတဲ့ ကကွက်တွေက များများလာနေတယ်။ကြာလာတော့လည်း
သမ္ဘာရင့်ကြေးစားသရုပ်ဆောင်တွေနဲ့တူတူလာတာမဆန်းပါဘူး..။မှန်ထဲပြန်
ကြည့်ရင်ကိုယ့်ကိုယ်ကိုသိပ်မမှတ်မိချင်ဘူး.။မှတ်မိပြန်ရင်လည်းမသတီချင်ဘူး။
တစ်ခါတစ်ခါတော့ကိုယ့်ခြေကိုယ့်လက်တွေကိုလာသိုင်းထားတတ်တဲ့ ရုပ်သေး
ကြိုးတွေကိုဖြတ်မိချင်တတ်ကြတာပဲပေါ့..။ကျွန်မကဓားကိုင်မကျွမ်းကျင်ပြန်ဘူး။
မြေပုံမပါတဲ့လမ်းတွေကိုလျှောက်ရင်းလျှောက်ရင်း …ဒီကွန်တိုမျဉ်းတွေထဲပဲတ
လည်လည်ပြုတ်ကျနေတော့တယ်။ဇာတ်သိမ်းကားလိပ်ချမယ့်အချိန်ကလည်း..
ခုထိသံသရာရှည်တုန်း..။ခက်ပဲခက်ရချည်တော့ရဲ့..။


ဇာတ်ညွှန်း

ကျွန်မဘ၀ကိုရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာကို ကျွန်မက ဘုရားသခင်လို့
သတ်မှတ်ထားခဲ့တာ…။ဒါပေမယ့် မာရ်နတ်ရဲ့ဇာတ်တွေကိုဝင်ဝင်ကပေးနေရ
တတ်တာကတော့ စဥ်းစားစရာပဲ…။စည်းကမ်းမရှိတဲ့ ကျွန်မရဲ့ခြေလက်တွေကို
ကျွန်မက ..တားဆီးပိတ်ပင်ထားဖို့ရာကျတော့လည်း..ကျွန်မက ကြိုးတွေနဲ့ ရှုပ်
နေတဲ့ ရုပ်သေးရုပ်ဖြစ်နေခဲ့ပြန်ရော…။အမှန်တော့ လူ့အလိုနတ်မလိုက်နိုင်တာ
ပါ..။ဒီနေ့ဟာ နေသာလို့ ကျွန်မတို့ခြေခင်းလက်ခင်းသာယာတယ်လို့ထင်ပေ
မယ့်..မထင်မှတ်တဲ့ထောင့်က ၀င်လာတတ်တဲ့အကြောင်းအရာတွေအရ..ကျွန်
မတို့ကြုံရာကွေ့ကိုကြုံရာတက်နဲ့ဆက်ခဲ့ရတာလည်းနည်းမှမနည်းပဲ..။တကယ်
တော့ပညာသားပါလွန်းလှတဲ့ဇာတ်ကွက်တွေကြောင့်သာ..ကျွန်မတို့ အကယ်ဒ
မီရခဲ့ကြတာမဟုတ်လား..။ဆုတံဆိပ်တွေကများတော့ ခါးချည့်နေခဲ့ရပြီ…။


ချစ်သူ

“ချစ်သူ”ဆိုတာကတော့ ကျွန်မရဲ့ အဘိဓာန်ထဲမှာ အရာအားလုံးနဲ့ကင်းလွတ်
တဲ့ဝေါဟာရပါ..။ပုံပြင်ထဲက “မင်းသား”တစ်ပါးလိုလည်းတင့်တယ် အပြစ်ကင်း
တယ်.။။သံစဉ်ခပ်ဖျော့ဖျော့လေးတွေနဲ့ ကျွန်မရဲ့နေ့ရက်တွေကိုအရောင်တင်
ပေးတတ်သူလည်းဖြစ်တယ်။ ကျွန်မရဲ့နာတာရှည်ရောဂါတွေကို ပဉ္စလက်နဲ့
လှည့်သိမ်းဖယ်ရှားနိုင်သူလည်းဖြစ်တယ်။မှောင်မိုက်အတိပြီးတဲ့ညတွေကို အခန်းဆက်စကားလုံးတွေနဲ့ လင်းချင်းစေနိုင်သူလည်းဖြစ်တယ်။ကျွန်မပေါ်ကို
နူးနူးညံ့ညံ့ဖြာကျနေမယ့်..အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်။
ကျွန်မရဲ့အနာဂတ်နေ့ရက်တွေကိုဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်။..ပြီးတော့……
အဲဒီအရာအားလုံးကိုဖျက်ခြွေချနိုင်သူလည်းဖြစ်သေးတယ်။
(ခုထိတော့ အိပ်မက်တွေက ကယောက်ကယက်နဲ့ သွေးပျက်စရာကောင်းနေ
တုန်းပဲ…)


အိပ်မက်

အိပ်မက်ဆိုးတွေကိုညစဉ်ရက်ဆက် အခန်းဆက်မက်ရတတ်တဲ့အခါ..ကြောက်
ရွံ့တုန်လှုပ်ခြင်းတွေကပျင်းရိငြီးငွေ့လာတာဆန်းသလား..။အနက်ရောင်စုတ်
ချက်တွေခပ်များများနဲ့ မကြားတကြားအိပ်မက်တွေကို ကျွန်မကမုန်းတယ်..။
တစ်ညလုံးမအိပ်ပဲငုတ်တုတ်ထိုင်နေတာကမှ အကျိုးရှိဦးမယ်လေ…။တချို့အိပ်
မက်တွေကတော့ ကျွန်မကိုနွမ်းလျစေတဲ့အထိ..ဖြားယောင်းတတ်လွန်းပါတယ်။
ဘ၀မှာ“ချို”ဖူးတာလည်းဒီဖြားယောင်းအိပ်မက်တွေပဲရှိခဲ့တာကိုး…။ခပ်တိုးတိုး
တိုက်ခတ်လွင့်မျောလာတဲ့..အိပ်ဖန်စောင့်နတ်သားရဲ့ဗျတ်စောင်းသံမှာ…အိပ်
မက်ရဲ့အပိုင်အစတွေပါလာသေးလား…ကျွန်မေ၀၀ါးစွာကြည့်နေမိခဲ့တယ်။


ပြိုင်ပွဲ

ငယ်ငယ်တည်းက ကျွန်မခုထိပြေးနေခဲ့ရတာ..။မရပ်မနားပါပဲ..။ပြိုင်ပွဲများစွာမှာ
ဆုတံဆိပ်များစွာနဲ့ ..နိုင်လျက်နဲ့ ရှုံးခဲ့သလို ရှုံးလျက်နဲ့လည်းနိုင်ခဲ့ရဖူးပါတယ်။
တယ်..။ပြိုင်ပွဲရဲ့အထာတွေကိုမသိရခင်တုန်းကတော့..ကျွန်မဟာ အားသွန်ခွန်
စိုက်ခြေလှမ်းတွေနဲ့..ရွှေရောင်အိပ်မက်တွေကိုမှမရရင် မျက်ရည်စိုခဲ့ဖူးတာပေါ့။
ခုတော့…ကျွန်မက ပြိုင်ပွဲတွေအကြောင်းကောင်းကောင်းသိနေတဲ့သူတစ်
ယောက်ဖြစ်နေခဲ့ပြီ..။ဒါတောင်မှ..အရှုံးတွေကိုတွေတွေဝေေ၀နဲ့စိုက်ကြည့်နေမိ
တတ်တုန်း..။ မစိုက်ပဲနဲ့ ရိတ်သိမ်းသွားတဲ့ပျိုးခင်းတွေကို တအံ့တသြတရားရနေ
မိတုန်း..။တကယ်တော့ ကျွန်မဟာ အမှတ်သညာနည်းတဲ့မိန်းမတစ်ယောက်ပါ
ပဲ…။
ပန်းတိုင်
အနိုင်အရှုံး
နားလည်ရခက်ခြင်းများ
ယုံမှားသံသယ
နိဂုံး


ပြည်ဖုံးကား

အချိန်မတိုင်ခင်ပြည်ဖုံးကားကျလာခဲ့ရင်…..
ကျွန်မကောင်းကင်က မောင်ရင်ဆိုင်းထမ်းကြယ်စုကလေးနဲ့ဝေးသွားရမှာပဲ
ကြောက်ပါတယ်..။
ကျွန်မက ကြယ်ကလေးရဲ့မေမေဖြစ်ချင်သေးတယ်လေ………။ ။
မနော်ဟရီ


12 Comments:

အောင်သာငယ် said...

ဒါဟာ နာကျင်နေတဲ့ ကဗျာရှည် တပုဒ်ပါပဲ...

လင်းဒီပ said...

ဖတ်လို့ကောင်းလိုက်တာ အစ်မရယ်...
ူငြိမ်းချမ်းပါစေ

Kay said...

ပစ္စခ ခံစားချက်တွေကို ထင်ဟပ်နေတဲ့..စာလုံးတွေကို..ပုတီးတကုန်းလို..တလုံးချင်း ဖြတ်ကျော် ခံစားသွားတယ်။ တကယ်ဆို ကြယ်ကလေးတလုံး ရှိနေခဲ့ပြီပဲ။

Zephyr said...

မျှော်လင့်ထားသလောက်ကြေကွဲရတာပါပဲ ... ။

သိုးမည်းတစ်ကောင်ဆိုရင်လည်း ... ဘုရားသခင်ကဖန်ဆင်းခဲ့တဲ့သိုးမည်းလေးတစ်ကောင်ပါပဲ...။

တစ်ခါတစ်လေ .. .ဘုရားသခင်ကိုယ်တော်တိုင် ၀န်လေး၍ ပင်ပန်းနေလေမလား မသိ...။

.... ကိုယ်ထူကိုယ်ထ ခံစားချက်တွေနဲ့ ... ဘ၀ကို လူမသိသူမသိ ရွပ်ရွပ်ချွံချွံ ရှူံးနိမ့်ခဲ့ပြန်တယ် ...။

မိတ်ဆွေဆိုတာ မီးခွက်ထွန်းရှာတာမတွေ့သလို ...မီးမောင်းထွန်းရှာတော့လည်း ခရီးလွန်နေတတ်တယ်...

လေးကြောင်းမျဉ်းထဲမှာ ရေးဖို့ကြိုးစားရင်းနဲ့ ... ဘ၀က အချိန်စေ့စေ့သွားတယ် ...။

ရိုးရိုးသားသားခေါင်းမာတတ်ပြီး ... နောင်တတွေလည်းအိတ်နဲ့ အပြည့်စုထားတယ် ..။

မာရေကျောရေနဲ့ နူးညံ့တဲ့မိခင်မေတ္တာ ...
..... ....
အခုလည်း အများကြီးမျှော်လင့်ထားမိပြန်ပြီ ...။

ငါသည်လမ်းခရီးဖြစ်၏ ...
သမ္မာတရားလည်းဖြစ်၏ ...
အသက်လည်းဖြစ်၏ ...။ ။


.... ရောက်အောင်သာ လျှောက်သွားလိုက်ပါ အစ်မရေ ...။

p.s မှတ်စုထဲက ကလေးမ အတွက် ခံစားပေးတာပါ ... ။ ...

pandora said...

မှတ်စုတွေကို လိုက်ပါခံစားသွားတယ်။

ကြယ်ကလေးရဲ့ မေမေ.. ဖြားယောင်းအိပ်မက်မဟုတ်တဲ့ အိပ်မက်လှလှတွေ မက်နိုင်ပါစေ။

Moe Cho Thinn said...

ကြယ်ကလေးရဲ့ အနာဂတ်ကိုသာ မေတ္တာနဲ့ လုံခြုံ နွေးထွေးရင်း ဒဏ်ရာတွေကို သန့်စင်ပါလေ မနော်ရေ..

sin dan lar said...

စိတ်ချမ်းသာ၊ ပျော်ရွှင် ငြိမ်းချမ်းပါစေ အစ်မရေ

ယောနသံစင်ရော် said...

အမ ...“မိတ်ဆွေ” “ရှေ့ဖြစ်ဖတ်သူများ” နဲ့ “ပြိုင်ပွဲ” ကို ကြိုက်နှစ်သက်မိတယ်။ အမ ... ချမ်းမြေ့ပါစေ။

ရှင်မင်းညို said...

အေးချမ်းမှူတွေ အပြည့်နဲ့ ကြယ်လေးရဲ့ မေမေ ဖြစ်ပါစေ အမရေ...

April said...

မရဲ့ အနုပညာဖန်တီးမှုကို ပိုပြီးလေးစားသွားပြီ။
ကြယ်ကလေးရဲ့မေမေ ပျော်ရွှင်ပါစေ။

တောင်ဇရပ်ကမောင်နတ် said...

ဒါမျိုးလေးတွေ ဖတ်ရတာ ပိုကောင်းတယ်လို့ ခံစားရပေမယ့် ဖတ်ရတာ ပိုကောင်းတယ်ဆိုတာက ဆွဲခေါ်သွားနိုင်တာကိုတော့ မမှီသေးဘူး ဆိုတော့ ဆွဲခေါ်သွားနိုင်တာကြောင့် ဖတ်ရတာ ပိုကောင်းတယ်လို့ ဆိုရမလားလို့ တွေးလိုက်မိတုန်းမှာပဲ အမ ဖျောက်ထားတဲ့ ဇာတ်ကောင်တွေကို လိုက်ရှာမိရင်း အမလည်း တော်တော် မျက်လှည့်တတ်နေ ပါပကောလားလို့ တွေးလိုက်မိပါကြောင်း ။ :) ပျော်ရွှင်ပါစေ။

Apprenticeship said...

အမရေ.. ဘုရာသခင်ရဲ့ စီစဉ်မှုကို တကယ်လက်ခံယုံကြည်တွေအတွက်တော့ desert မှာ အိုအေအစ်တွေ့နိုင်မှာပါ။ ဇတ်ရေမလည်ခင်တော့ ဘုရားသခင်ရဲ့စီစဉ်မှုကို သံသယဖြစ်တတ်ကြတယ်။ ဒါပေမယ့် ဇတ်တစ်ခုလုံးပြီးသွားတဲ့နှောက် ပြန်လည့်ကြည့်ရင် ဘုရားသခင်ရဲ့ စီမံမှုတွေက အံ့ခန်းပဲ။။။။ ဘုရားသခင်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဆိုတာကို ငါတို့ ယုံကြည်ကြတာပဲ မဟုတ်လား????သူစီစဉ်ထားတဲ့ ဘ၀ခရီးလမ်းကို အောင်မြင်စွားရှောက်နိုင်သူဖြစ်ပါစေ.. လို့ဆုတောင်းပေးသွားပါတယ်။။။