နံနက်ခင်းပုံပြင်

Monday, November 10, 2008

၂၀၀၅ January,Fashion Image Magazine မှာပါသွားတဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်....
စိတ်ရှုပ်ရှုပ်နဲ့ ဟိုရက်တွေမှာ အင်တာနက်ထဲလည် စာဖတ်နေတုန်း တစ်နေရာမှာတင်ထားတာတွေ့လိုက်
ရလို့ ပြန်ကူးတင်ပေးလိုက်တာပါ...တင်ထားသူကိုလည်းကျေးဇူးတင်ပါတယ်....
အဲဒီနေ့ကတွေ့လိုက်ရတာတချို့လည်းရှိသေးတယ်..ကျွန်မစာတွေကိုအပိုဒ်လိုက်ကူးထားပြီးခပ်တည်တည်
နဲ့ကိုယ်တိုင်ရေးလိုတင်ထားတာပါ...တချို့ကျပြန်တော့လည်း မနော်ဟရီ ရဲ့စာတွေကို ဂဃနဏ မဖတ်
ပဲ..လျှောက်ပြောနေတာမျိုးတွေတွေ့ရပြန်ပါတယ်..တချို့ကျပြန်တော့လည်းကိုယ်ရည်သွေးတီးလုံးတွေ
ကိုသူများသံစဉ်နဲ့တီးပြနေတာလည်းတွေ့ရပြန်တော့...ကျွန်မမှာစိတ်ရှုပ်ရတဲ့ထဲ ငိုရမလိုရယ်ရမလို...
သေချာတာကတော့ ငြိမ်သက်သွားချိန်မှာ တရားရလိုက်တာပါပဲ...အော်..ငါမကြုံမတွေ့ရသေးလို့သာ..
လောကမှာဒီလိုတွေရှိပါသေးလားပေါ့.....



နံနက်ခင်းပုံပြင်

“အဲဒီမနက်ခင်းကလေးက အတော်တော့ သာယာတာ”
အဘိုးအိုက စကားစကိုဖြတ်ကာ အမယ်အိုရဲ့ မီးခိုးနုရောင် မျက်ဝန်းများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အမယ်အို၏ မျက်ဝန်းများက စိုလက်တောက်ပနေသယောင်။ အဘိုးအိုက စကားကိုဆက်၏။
“သာယာတယ်ဆိုတာထက် အချစ်တစ်ခု စတင်ဖြစ်ထွန်းမယ့်နေ့မို့ ထင်ပါရဲ့၊ အတော်ကြီးကို သက်ဝင်လှပနေခဲ့တာ”
“ဘယ်လို လှတာမျိုးပါလိမ့်”
အမယ်အိုက အရေးအကြောင်းများ လှိုင်းထနေသော မျက်နှာပြင်ကို ယောင်ယောင်လေး မျက်မှောင်ကြုတ်ဟန်ပြုကာ မေး၏။
“နေရောင်ခြည်က နုနုလေးရယ်၊ တချို့နေရာတွေမှာ နှင်းမြူတွေကဆိုင်းလို့ သဇင်ပန်းရနံ့တွေတောင် ရနေသေးတယ် ထင်တာပဲ”
အမယ်အိုက ခေါင်းကို တဆတ်ဆတ်ညိတ်၏။ ထိုနံနက်ခင်းလေးကို မြင်ယောင်သွားသလိုမျိုးလည်း ပြုံး၏။
“အဲဒီမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စတွေ့ကြတာပဲ။ ရုပ်ရှင်ထဲကလိုတော့ လှချင်လှနေလိမ့်မယ်။ ရုပ်ရှင်ထဲက ဇာတ်ကွက်တွေလိုတော့ မဆန်းပြားပါဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ။ ပစ္စည်းတွေ တနင့်တပိုး ထည့်ထားတဲ့ ဈေးခြင်းကို ဆွဲလာတဲ့ ကောင်မလေးရယ်၊ ဈေးထဲကို ကိစ္စရှိလို့ ရောက်လာတဲ့ ကောင်လေးရယ်၊ ဈေးအ၀င် လမ်းမှာ တွေ့ကြတာ”
အဘိုးအိုက အမယ်အို၏ စိတ်ဝင်စားနေသော မျက်နှာလေးကို တစ်ချက်ကြည့်ကာ လက်ထဲမှ စာအုပ်အဟောင်းလေးကို တစ်ချက်ဖွင့်ကြည့်လိုက်သေးသည်။ အလွတ်ရနေသော ဒိုင်ယာရီစာမျက်နှာများက ပြန်ကြည့်စရာမလိုပါ။ အဘိုးအို သက်ပြင်းမွမွတစ်ချက်ကို မသိမသာချကာ စကားကို ဆက်လိုက်၏။
“ပစ္စည်းတွေက တအားလေးလို့ထင်ပါရဲ့။ ခြင်းအဟောင်းလေးရဲ့ အောက်ခံ ကျွံကျသွားပြီး ပစ္စည်းတွေ ဒရောသောပါးနဲ့ ပြန့်ကျဲကုန်တာ၊ ကောင်မလေးလည်း ဘာလုပ်ရမှန်း မသိဘူးပေါ့။ ဒါကို လှမ်းမြင်တဲ့ ကောင်လေးက စက်ဘီးလေးကို အသာထောက်ထားခဲ့ပြီး ပစ္စည်းတွေ ကူကောက်ပေးတယ်။ ဘာအတွက်ယူလာမှန်းမသိတဲ့ သူ့လက်ထဲက ဂုန်နီအိတ်တစ်လုံးနဲ့ စုထည့်ပေးပြီး ကောင်မလေးကို မြင်းလှည်းပေါ်ထိ တင်ပေးလိုက်တယ်”
“သာဓုတော်.. သာဓု.. သာဓု”
အမယ်အိုက ထုံးစံအတိုင်း သာဓု တိုးတိုးလေးခေါ်တော့ အဘိုးအိုက ပြုံးသည်။ နေ့တိုင်း ဒီနေရာရောက်လျှင် အမယ်အိုက ‘သာဓု’ ခေါ်မြဲ။ အဘိုးအိုပြောပြချင်သော ပုံပြင်လေး၏ လိုရင်မဟုတ်သော်လည်း ထို သာဓုသံ ကြားရတိုင်း အဘိုးအို ကျေနပ်ပါသည်။
“အဲဒီနေ့က စပြီး ကောင်လေးက ကောင်မလေး ဈေးလာရင် ဘုရားပန်းဝယ်နေကျဆိုင်မှာ ကောင်မလေးအတွက် ပန်းတွေ သွားသွား ထားပေးတတ်တယ်”
“ဟုတ်လား ဘာပန်းတွေလဲ”
အမယ်အိုက ထုံးစံအတိုင်း မေးပြန်သည်။
“ခရေပန်းကုံး၊ ဇွန်ပန်းကုံး၊ ဆိတ်ဖလူး၊ ဧကရာဇ် စသဖြင့်ပေါ့၊ ရာသီအလိုက်ပေါ့”
အမယ်အိုက ခေါင်းတညိတ်ညိတ်နှင့် ပြုံးကာ သူ့ခေါင်းထက်မှ ဆိပ်ဖလူးပန်းကုံးလေးကို လက်နှင့် စမ်းကြည့်နေသည်။ အဘိုးအိုကလည်း ကျေနပ်စွာပြုံး၏။
ဒီပုံပြင်ကို ဒီနေ့မှ နားထောင်ခွင့်ရသော ကျွန်တော်က အားမလိုအားရဖြစ်လာသည်။
“သူတို့ အဆင်ပြေသွားကြရောလားဟင် အဘိုး”
အဘိုးအိုက ‘ရှူး’ ဟု ခပ်တိုးတိုး အသံပြုကာ ကျွန်တော့်ကို လက်ကာထား၏။
“မလောနဲ့လေ မင်းအဘွားက အဆင့်ကျော်လို့မရဘူး”
ကျွန်တော်ပြုံးလိုက်မိသည်။ မနက်တိုင်း အဘွားကို ပန်းကုံးလေးတစ်ကုံး လာလာပေးကာ ပုံပြင်တစ်ပုဒ်ကို ပြောပြတတ်သော အဘိုးအိုကို ကျွန်တော် တွေ့နေရတာ တစ်လရှိတော့မည်ထင်သည်။ ဒီနေ့မနက်မှ အကြောင်းတိုက်ဆိုင်၍ ကျွန်တော် ငြိမ်ငြိမ်လေး ထိုင်နားထောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ အဘိုးအိုက သူ့ပုံပြင်ကို ဆက်၏။
“ဒီလိုနဲ့ အချိန်တွေသာ ကုန်သွားရော၊ သူတို့အခြေအနေက ဒီအတိုင်းပဲ မတိုးတက်ခဲ့ဘူး”
ကျွန်တော် အားမလိုအားမရ ဖြစ်သွားရပြန်သည်။ သို့သော် စောဒကတော့ မတက်ရဲ။
“တစ်နေ့မှာ..”
ထို တစ်နေ့မှာကို ကျွန်တော်က ရုပ်ရှင်ကားတစ်ကား ဇာတ်ပြောင်းလိုက်သလို စိတ်ဝင်စားသွားသော်လည်း အမယ်အိုကတော့ ဘာမှမဖြစ်သလို နားထောင်နေရှာသည်။
“ကောင်လေးက အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် ခရီးထွက်သွားရတယ်”
“အကြာကြီးလား”
“အကြာကြီးပဲ”
အမယ်အိုက ‘အကြာကြီးလား’ ဆိုသော အမေးကို သာမန်မျှသာ မေးခြင်းဖြစ်သော်လည်း အဘိုးအိုကတော့ ထိုကာလ တစ်မျှော်တစ်ခေါ်ကို မြင်ယောင်တမ်းတသံနှင့် ဖြေခြင်းဖြစ်သည်ဟု ကျွန်တော်ခံစားလိုက်မိသည်။
“ကောင်လေးပြန်လာတော့ အရာအားလုံးဟာ ပြောင်းလဲစပြုနေပြီ”
“ပြောင်းလဲစပြုနေပြီ”
ကျွန်တော်၏ သံယောင်လိုက်သံကြောင့် အမယ်အိုက မသိမသာလှည့်ကြည့်၏။ ကျွန်တော် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။ အဘိုးအိုက အသိနှင့် ကင်းကွာနေသူတစ်ယောက်ပမာ စကားကိုဆက်၏။
“ဟုတ်တယ်၊ ကောင်မလေးက မကြာခင် တခြားလူတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကို ကောင်လေးက မြို့အ၀င်လမ်းမှာကတည်းက ကြားခဲ့ရတယ်လေ”
ကျွန်တော်က မောဟိုက်သွားသလို ခံစားရကာ၊ အမယ်အိုက သက်ပြင်းဖွဖွလေး တစ်ချက်ချတာကို ကျွန်တော် တွေ့လိုက်ရသလို။
“အဲဒီညနေမှာပဲ ကောင်လေးက ကောင်မလေးအတွက် တစ်နယ်တစ်ကျေးက ယူလာတဲ့ သစ်ခွပန်း ခရမ်းရောင်တွေကို ကောင်မလေးအပြင်အထွက်မှာ ပေးဖို့ သွားခဲ့တယ်။ ကောင်မလေးဟာ ကောင်လေးကို ပန်းတွေနဲ့ မြင်လိုက်ရတယ်ဆိုရင်ပဲ မျက်ရည်တွေ ကျလာတော့တာပဲ”
အမယ်အို၏ မီးခိုးနုရောင် မှိန်ဖျော့ဖျော့ မျက်ဝန်းများတွင် မျက်ရည်များ စိုလက်လာသလို၊ ကျွန်တော့်ရင်ထဲက မျက်ရည်များကိုတော့ ဘယ်သူမှ မြင်ခွင့်မရလိုက်။ အဘိုးအိုက စကားကိုဆက်၏။ သူ့ကြည့်ရတာ မောဟိုက်နွမ်းနယ်နေသလို။
“ပန်းတွေကိုယူပြီး ကောင်မလေးက ကောင်လေးကို စကားတစ်ခွန်းပြောသွားတယ်”
“ဘာတဲ့လဲ”
အမယ်အိုက တုန်ရီစွာမေး၏။
“အရာအားလုံး နောက်ကျသွားခဲ့ပေမယ့် ကျွန်မရင်ထဲမှာတော့ အဦးဆုံးပန်းတွေပါပဲတဲ့”
ဒီတစ်ခါ မောလျသွားရတာက ကျွန်တော်။ အမယ်အိုကတော့ စောစောက မေးခဲ့တာ သူမဟုတ်သလို အဝေးကို အငေးငေးအမောမော။
“လှည့်ပြန်ခဲ့ရတဲ့ ကောင်လေးရဲ့ ရင်ထဲမှာ ပန်းတွေ ဝေနေမယ်လို့ ထင်သလား”
မြတ်စွာဘုရား။ ဒီမေးခွန်းက အဘိုးအို ကျွန်တော့်ကို မေးတာလား။ အမယ်အိုကို မေးတာလား မသိ။ သူ့ဘာသာသူ မေးတာလည်း ဖြစ်နိုင်တာပဲ။ သူက ဇာတ်ကြောင်းပြန်ပြောသူလေ။ ကျွန်တော်တို့ထဲမှ အဖြေမရသော်လည်း သူ ဘာမှမပြောပါ။ သူ့စကားကိုသာ သူဆက်၏။
“နောက်နေ့မနက် ဈေးအ၀င်လမ်းမှာ သူတို့တွေ့ကြတော့ ကောင်မလေးက ပန်းခြောက်တွေအများကြီး စုထားတဲ့ အိတ်ကလေးတစ်အိတ် ကောင်လေးကို ပေးတယ်။ ပါးစပ်ကနေ စကားတစ်ခွန်းမှ ပြောမသွားပေမယ့် မျက်ဝန်းကနေ စကားတွေ အများကြီးပြောသွားတာကို ကောင်လေး ကြားလိုက်ရတယ်။ အဲဒီစကားတွေဟာ ရင်ထဲမှာ ထာဝရတည်မြဲနေမယ့် စကားတွေပဲ”
သုံးယောက်သား စက္ကန့်များစွာ တိတ်ဆိတ်နေမိကြသည်။ ဇာတ်လမ်းက ဆုံးသွားပြီလား။ ကျွန်တော်မသိပါ။ အဘိုးအိုကတော့ သိပေလိမ့်မည်။ သို့သော် ကျွန်တော်က ဇာတ်လမ်းကို ဒီနေရာမှာ မဆုံးစေချင်သေး။ ဆက်ရန်ရှိသေးသည်ဟု ခံစားနေရသည်။
“အဲဒီလိုနဲ့”
အဲဒီလိုနဲ့ ဟူသော စကားလုံးသည် အဘွားအို၏ မျက်ဝန်းမှ မျက်ရည်စက်တချို့ကို ဆွဲသိမ်းသွားသလို၊ ကျွန်တော့်ရင်ထဲမှ မျှော်လင့်ချက်တချို့ကိုလည်း နိုးထသွားစေသည်။
“ကောင်လေးက အဲဒီမြို့က ပြန်ထွက်သွားတယ်။ သက္ကရာဇ်တွေ အများကြီးကို ခက်ခက်ခဲခဲ တစ်ယောက်တည်း ဖြတ်သန်း သွားခဲ့ရတယ်။ သူ့ရင်ထဲမှာ ရှိနေတဲ့ ပန်းခြောက်တွေ တစ်နေ့တော့ ပြန်ရှင်သန်လာမှာလို့ မျှော်လင့်တဲ့ မျှော်လင့်ချက်တွေနဲ့ သူ အသက်ဆက်ခဲ့တာပေါ့”
ကျွန်တော် အမယ်အိုမျက်နှာကို လှမ်းကြည့်မိတော့ အရိပ်အယောင်တချို့ကို တွေ့ရသည်။ ဘာလဲဆိုတာတော့ ကျွန်တော်လည်း အဓိပ္ပာယ်မဖော်တတ်သေးပါ။ အဘိုးအိုက နာရီကိုတစ်ချက်ကြည့်ကာ စာအုပ်ဟောင်းလေးကို ပိတ်သိမ်းလိုက်၏။ ပြီး စကားကိုဆက်၏။
“နှစ်တွေ အရမ်းကြာသွားလို့ မြို့ကလေးကို ပြန်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြတယ်”
မဆီမဆိုင် ကျွန်တော်ပင် ရင်ခုန်ချင်သွားရသည်။ အမယ်အိုကတော့ ယောင်ယောင်လေး ပြုံးနေသလား မဆိုနိုင်။
“ဒါပေမယ့် ”
ဒါပေမဲ့ဆိုသော စကားလုံးသည် အဓိပ္ပာယ်ဆန့်ကျင်သော စကားလုံးတို့ကို တွဲဆက်ပေးသော စကားလုံးဖြစ်သည်။ ကျွန်တော်က စိုးရိမ်တကြီး မော့ကြည့်မိသော်လည်း အဘိုးအိုက ထိုင်ရာမှ အသာထ၏။ အမယ်အို၏ နဖူးပြင်ကို ဖွဖွလေး နမ်းကာ နှုတ်ဆက်ရင်း…
“နောက်နေ့မှ ဆက်ပြောတာပေါ့” တဲ့။
အမယ်အိုက ရီရီဝေေ၀ ခေါင်းညိတ်ပြကာ “ကောင်းသားပဲ” ဟု ထောက်ခံ၏။ မထောက်ခံနိုင်တာက ကျွန်တော်ပါ။ ထို့ကြောင့် ကျွန်တော့်အိတ်ကို ကောက်ဆွဲကာ အဘိုးအိုနောက်သို့ ခြေလှမ်းကျဲများဖြင့် လိုက်လာခဲ့မိသည်မှာ အမယ်အိုကိုပင် နှုတ်မဆက်ခဲ့မိ။
“အဘိုး”
“ဟင်”
အဘိုးအိုက ကျွန်တော့်ကို လှည့်ကြည့်၏။ ကျွန်တော် ဘာသိချင်နေသည်ဆိုတာကို သူရိပ်မိနေပုံရသည်။
“ဒါပေမယ့်... ဒါပေမယ့်.. ဘာဖြစ်လဲ အဘိုး”
အဘိုးအိုက တလက်လက်တောက်ရှနေသော တံလျှပ်များကို ငေးကြည့်ကာ သက်ပြင်းတစ်ချက်ကို ချ၏။
“ဒါပေမယ့် ကောင်မလေးက ကောင်လေးကို..၊ မဟုတ်သေးဘူး.. ၊ အမယ်အိုက ငါ့ကို ဘယ်လိုမှ မမှတ်မိတော့ဘူး”
“ဗျာ”
ကျွန်တော် ရုတ်တရက် အံ့သြမင်သက်သွားရ၏။ အဘိုးအိုကတော့ တည်ငြိမ်စွာပင်။
“ဟုတ်တယ်၊ လောကရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ တမ်းတခြင်းတွေနဲ့ ကင်းဝေးတဲ့ နေရာကို သူရောက်နေပြီ။ သူ ဘာကိုမှ မမှတ်မိတော့ဘူး။ မနက်တိုင်း လာလာပြောတတ်တဲ့ အဖြစ်အပျက်လေးတွေကို သူက ပုံပြင်တစ်ပုဒ်လို နားထောင်နေတတ်တယ်။ သူ့မှာ ဒီနေ့ဆိုတာလည်းမရှိဘူး။ မနေ့ကဆိုတာလည်း မရှိဘူး။ မနက်ဖြန်ဆိုတာလည်း မရှိဘူး။ နောက်တစ်နေ့မှာ ငါပြောပြမယ့် ပုံပြင်လေးဟာ သူ့အတွက်တော့ အသစ်ပဲပေါ့ကွာ။ ဒါကိုက ငါ့အတွက် ကံကောင်းခြင်းတစ်မျိုးပေါ့”
အဘိုးအိုက စကားကိုဖြတ်ကာ နေရောင်အောက်တွင် ခြေလှမ်းကျဲများဖြင့် လှမ်းလျှောက်သွားသည်။ တကယ့်တကယ် လွမ်းလျကျန်ခဲ့ရသူက ကျွန်တော်။
နံနက်ခင်းအသစ်တိုင်းသည် သူတို့အတွက်တော့ အဓိပ္ပါယ်ရှိနေကြပေလိမ့်မည်။ ထို အဓိပ္ပါယ်သည် သေချာမှု တစ်ခုဟုတ်မဟုတ် ကတော့ ကျွန်တော်လည်း မသေချာပါ။
အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ နေရောင်များကြားတွင် တိမ်ညိုတစ်စကို တွေ့လိုက်ရသည်။ ထိုတိမ်တိုက်များထဲတွင် မျှော်လင့်ခြင်းမိုးရေစက်များ ပါဝင်နေမည်လား။
သိပ်တော့မသေချာပါ။ လင်းတောက်နေသော နေရောင်အောက်မှာပင် အရာရာသည်ေ၀၀ါးနေခဲ့လေသည်။


11 Comments:

sin dan lar said...

အရင်အကြောင်းတွေမမှတ်မိတော့..
အစကပြန်စရင်ကော..မရဘူးထင်တယ်နော်...
မီးခိုးနုရောင်မျက်လုံး ဆိုတာဖတ်ပြီးပြီးချင်း
သက်ကြီးရွယ်အို တစ်ယောက်ရဲ့မျက်လုံးတွေကို မြင်ယောင်သွားတယ်

Zephyr said...

နသယ်နီယယ် ဟောသွန်းလိုပဲ ပုံပြောပြတဲ့အတွက် ကျေးဇူးပါ ...။ ပြောနေခွင့်ရသေးတဲ့ အဘိုးအိုကို ... ကျွန်တော်အားကျပါတယ် ... ။ ရိုးရိုးလေးနဲ့လှတဲ့ ပုံပြင်လေးပါ ...။

lotuslynn said...

ခံစားရတယ်..............

pandora said...

ဒီဝတ္ထုလေး တော်တော်ကြိုက်ပြန်ပြီ.. မ

ဆွတ်ပျံ့စရာ သနားစရာလေးပါ။

Anonymous said...

Did this story base on "The Notebook" by Nicolas Spark? Anyway, your version is nicer than original.

ဆောင်းယွန်းလ said...

ပုံပြင်လေးထဲကအတိုင်းဆိုအဘိုးအိုမှာဇာတ်ကြောင်း
ပြောခွင့်တွေရှိနေသေးသလို အမယ်အိုမှာလည်းနားထောင်ခွင့်တွေရှိနေသေးတာပေါ့..
ဒီလိုရှိနေတဲ့အခွင့်အရေးတွေကအဘိုးအိုအတွက်မျှော်
လင့်ချက်တခုဖြစ်သလို အမယ်အိုအတွက်နေ့စဉ်မရိုးနိုင်
မယ့်ပုံပြင်အသစ်စက်စက်တွေဖြစ်နေတာပေါ့..တကယ်လို့များ တနေ့နေ့မှာအဘိုးအိုပြောပြနေတဲ့ပုံပြင်
ကလေးကအမယ်အိုအတွက်ပုံပြင်အဟောင်းတစ်ပုဒ်ဖြစ်
လာနိုင်ခဲ့ရင်...အဘိုးအိုအတွက်မျှော်လင့်ချက်တွေရှင်သန်လာတဲ့နေ့ဖြစ်
မှာပေါ့နော်...

ရှင်မင်းညို said...

သနားရမှာလား?
ဝမ်းသာပေးရမှာလားတောင်မသိ.............
ဝတ္တုလေးလှတယ်

Moe Myint Tane said...

ှဇာတ်အိမ်လေးဆင်ထားတာ တော်တော်လှတယ်။ လောကမှာ ဖြစ်ပျက်တတ်တဲ့ သဘာဝနဲ့ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ထားတဲ့ ဇာတ်ကွက်လေးတစ်ခုဘဲ။ အရေးအသားကလည်းပြေပြစ်တော့ ဇာတ်ကွက်ကို ကိုပြီးပြီပြင်လာစေတယ်။ ဒီနေရာမှာ အားဖြည့်အနေနဲ့ ပုံပြင်နားထောင်သူ ကြားလူတစ်ယောက်ပါထည့်ပေးလိုက်တော့ ပိုပြီး ရုပ်လုံးကြွသွားတယ်။ ဒီဇာတ်လမ်းလေးကို ဖတ်ပြီးအဆုံးမှာ မောဟိုက်ပြီးကျန်ခဲ့တာ ကြားကနေပုံပြင်နားထောင်သူကောင်လေးပါမဟုတ်ဘဲ စာဖတ်သူအနေနဲ့ပါ မောဟိုက်ကျန်ခဲ့ရတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါဘဲဗျာ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

မေငြိမ်း said...

မနော်.. အဲဒီဝတ္ထုလေး ဖတ်ခဲ့ဖူးပြီးသားပေမဲ့ ခု ပြန်ဖတ်လည်း ရင်ထဲ တမျိုးကြီး ခံစားရတုန်းပဲ..။
မအေးချမ်းလိုက်တာနော်..။

ဟန်သစ်ငြိမ် said...

တော်တော် ခံစားရတယ်ဗျာ...။

`နံနက်ခင်းအသစ်တိုင်းသည် သူတို့အတွက်တော့ အဓိပ္ပါယ်ရှိနေကြပေလိမ့်မည်။ ထို အဓိပ္ပါယ်သည် သေချာမှု တစ်ခုဟုတ်မဟုတ် ကတော့ ကျွန်တော်လည်း မသေချာပါ။...´ တဲ့။ အဲဒီစာကြောင်းကို အကြိုက်ဆုံးပဲဗျို့။

Orange Chit Thu said...

It touch my heart, really feel something.....Your writing is very good.