အဖြူရောင်သက်တံတစ်စင်းနဲ့ကျွန်မရဲ့ရောင်စုံသီချင်းတွေ

Saturday, November 1, 2008

ဒီဝတ္ထုကို မုန်တိုင်းပြီးကာစ ဘာဆိုဘာမှမရေးချင်တဲ့အချိန်မှာရေးခဲ့တာပါ...ရေးခဲ့တယ်ဆိုတာထက်..ပြန်ပြီးစုစည်းတယ်ဆိုရင်
ပိုမှန်မလားပဲ..။အရောင်တွေနဲ့ပတ်သက်ရင် crazy ဖြစ်တတ်တဲ့ကျွန်မက အရောင်နဲ့ပတ်သက်တဲ့ဝတ္ထုတိုရှည်တွေကိုမကြာခဏ
ရေးလေ့ရှိတယ်။ ခုဟာက ဟိုတစ်ပိုင်းသည်တစ်ပိုင်းရေးထားတဲ့ အက်ဆေးဆန်ဆန်စာတွေကိုပြန်ပြီးစု..ကျွန်မသိပ်မကြိုက်တဲ့
မဲနယ်နဲ့လိမ္မော်ရောင်အကြောင်းတွေဖြည့်ရေးပြီး ၀တ္ထုတစ်ပုဒ်ဖြစ်အောင်ဖန်တီးလိုက်တာ..အိုင်ဒီယာမဂ္ဂဇင်း ၇နှစ်ပြည့်အတွက်
လည်းဖြစ်ပါတယ်။
ဒီဝတ္ထုလေးကိုအမြန်တင်နိုင်အောင် ကူရိုက်ပေးတဲ့ သူငယ်ချင်း ဂျူ (ဂျူးနဲ့မှားတတ်ကြတဲ့သူလေ..)ကိုအများကြီးကျေးဇူးတင်
ပါတယ်။



အဖြူရောင်သက်တံတစ်စင်းနဲ့ကျွန်မရဲ့ရောင်စုံသီချင်းတွေ



ခရမ်းရောင်သစ်သီး

ခရမ်းရောင်ရနံ့တွေနဲ့ နလံမထုနိုင်တဲ့ရက်စွဲတွေ ကိုပိုက်ဆံလုပ်တဲ့စက်စုတ်တစ်လုံးထဲပစ်ထည့် လိုက်တော့မှ အတော်လေးဟန်ကျပန်ကျရှိသွားသယောင်ကိုယ့်ကိုယ်ကိုလှည့်စားနိုင်တော့တယ်။ ဒါပေမယ့်ရလဒ်ကတော့အဆင်မပြေပါဘူး ။ ပိုပြီးစွတ်စိုဝင်းမှည့်လာတဲ့ ခရမ်းရင့်ရောင် သစ်သီး တွေပဲထွက်ကျလာတယ်။မကြာခင်အမှည့်လွန်ပျက်စီးသွားမှာပါလို့ထင် ရပေမယ့်ခုဆို သက္ကရာဇ်
တွေတော်တော်တောင်ညောင်းသွားပြီ။ ခုထိ…. ဒီအတိုင်း။
ကျွန်မအဲဒီသစ်သီးတွေကိုကြည့်ပြီးအစားမစားဖြစ်တာတော်တော်တောင်ကြာသွားပြီ။ အရောင်တွေ၊ ရနံ့တွေရဲ့နှိပ်စက်ကလူပြုတာကိုလည်းကျွန်မမခံစားနိုင်ဘူး။ နိုင်လိုမင်းထက် မဟုတ်ပါပဲနဲ့ကိုတငွေ့ငွေ့သိမ်းသွင်းလှည့်ဖျားနှစ်မြှုပ်ထားခဲ့ကြတာ။အံ့သြစရာ။
အိပ်မက်တွေကလည်းဝရုန်းသုန်းကာနဲ့ခရမ်းရောင်တွေချည်းသွန်းကြဲပက်ချနေကြပြန်တယ်။ ခရမ်းရောင်သစ်သီးတွေကိုနှစ်လိုစွာစားနေတဲ့ကောင်မလေးတစ်ယောက်။ ‘ဟေ့…ဟေ့ ရပ်လိုက်’ ။ ကျွန်မကိုထုံပေပေယုန်တစ်ကောင်လို ပြန်ကြည့်နေတဲ့ကောင်မလေးနှုတ်ခမ်းမှာ ခရမ်းရောင်တွေစွန်းပေလို့။ တစ္ဆေမလှလှလေးတစ်ကောင်ရဲ့နှုတ်ခမ်းလိုပဲ။ လှနေလိုက်တာ။ သိပ်ကြောက်စရာကောင်းတာဘဲ။ လန့်နိုးတော့ကျွန်မတစ်ကိုယ်လုံးအေးစက်လို့။
သံခြေကျင်းသံတွေဝဲနေတဲ့ခြေလှမ်းတွေကဘယ်ကိုရောက်နိုင်မယ်လို့များရှင်ထင်လို့လဲ။ ကျွန်မပက်ပက်စက်စက်မုန်းပစ်ချင်လောက်အောင်နှစ်လိုမိတဲ့ရနံ့တွေထဲမှာပဲ လဲကျန်ရစ်ခဲ့ရ ပြန်တာပါပဲ ။ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားရင်းက မုန်းမုန်းနေမိတဲ့ခြေလှမ်းတွေနဲ့ ရက်ရက် စက်စက်မုန်းဖို့ကြိုးစားရင်းကနှစ်လိုနေမိတဲ့ရနံ့တွေရဲ့တိုက်ပွဲမှာကျွန်မဟာသွေးအေးတဲ့ ဒိုင်သူကြီး တစ်ယောက်ပမာဟန်ဆောင်ကောင်းလို့။
လက်ခံရရှိလိုက်တဲ့အော်စကာရုပ်တုပေါ်ကမျက်ရည်စက်တွေကတော့ကျရှုံးမှုရဲ့သက်သေဖြစ်
နေပေမယ့်ဘယ်သူမှမမြင်လိုက်ကြပါဘူး။

I.N.D.I.G.O
မပွင့်ဖြစ်ခဲ့တဲ့ရနံ့fတစ်ချို့အကြောင်းပြန်စဉ်းစားလိုက်တဲ့အခါမှာအပြာရောင်လွင်လွင်သစ်ခွပွင့်တချို့
ကိုပြန်သတိရမိတယ်။ ဘ၀မှာဘယ်တုန်းကမှပန်ဆင်ဖို့စိတ်မကုးဖြစ်ခဲ့တဲ့လွင်ပြင်ကမ္ဘာ တွေနဲ့ တရင်းတနှီးကြီးကျွမ်းဝင်လာခဲ့ရတာဘာလို့လဲ။ တစ်ခါတစ်ခါတော့လည်းအဲဒီရင်းနှီး ပြီးသား ကံကြမ္မာဆိုတာကြီးကိုထိုင်ထိုင်ကြည့်ပြီးသူစိမ်းတစ်ရံစာဆန်ဆန်နေမိတာ ဘာဆန်း တော့လို့လဲ။ ဘ၀ဟာသိပ်ပြီးပျင်းရိငြီးငွေ့စရာကောင်းတဲ့ရုပ်ရှင်တစ်ကားဆန်မနေဖို့ ၊ အမြဲတမ်းဆန်းသစ်
ပြောင်းလဲပစ်နေရတာတဲ့လား ။ ကျွန်မပျင်းလှပြီ။ အဲဒီမဲပြာရောင် ပိတ်ကားကြီးကိုဝုန်းကနဲ ပစ်ချလိုက်ရင်တကယ်ပဲပြည်ဖုံးကားကျသွားမှာတဲ့လား။
‘ဒါဆိုခပ်သွက်သွက်ကလေး ၊ ဟေ့လူ….. လုပ်လေ…ဘာလုပ်နေတာလဲ’
အရောင်စုံလှပနေတဲ့ဆပ်ပြာပူဖောင်းတွေလိုအဲဒီစာကားလုံးတွေပေါက်ကွဲလွင့်မျောပျောက်ဆုံးသွားတယ်။
လှလှပပလေး၊ လေထဲမှာ။

အပြာရောင်ဒိုင်ယာရီ
ကျွန်မကစကားတွေတရစပ်ပြောနေရင်မော့ကြည့်နားထောင်နေတတ်ပြီးကျွန်မခံစားမှုတွေနဲ့ဖိစီး လေးလံလာရင်တော့သူကကောင်းကင်တစ်ခုလိုအုပ်မိုးပေးထားတတ်တယ်။ ကျွန်မရဲ့စကားလုံး တွေပြာရီမှုန်မှိုင်းလာပြီဆိုရင်တော့သူကအဲဒီစကားလုံးတွေကိုတစ်ခါမှမမြင်ဖူးတဲ့အရောင်တစ် ရောင် ကိုတွေ့သလိုငေးမောနေတတ်ပြန်ရော။
တစ်ခါတစ်ရံမှာသူ့ရင်ထဲကစကားလုံးပြာပြာတွေထွက်ထွက်ကျနေတတ်လို့လိုက်လိုက် ကောက် ပေးရတတ်တယ်။ အဲဒီအခါမှာသူနဲ့ကျွန်မစိတ်ကောက်တတ်ကြပါတယ်။ လျို့ဝှက်မှု အက်ဥပဒေကို မထိမ်းသိမ်းဘူးဆိုတဲ့ပုဒ်မကြီးကြီးနဲ့ကျွန်မကသူ့ကိုစွပ်စွဲပြီးသူကကျွန်မကိုနှစ် သိမ့်ဖို့စကားလုံးတချို့ ကိုထုတ်ထုတ်ကြည့်မိတာပါလို့ကာကွယ်ငြင်းဆိုတယ်။
အဲဒီလိုညတွေမှာဆိုရင်အပြာရောင်မင်တွေနဲ့ရေးထားတဲ့စကားလုံးတွေအခန်းထဲမှာပွစာကျဲလို့။ တံမြက်စည်းတစ်ချောင်းနဲ့ကျွန်မကစိတ်လိုက်မာန်ပါလှဲထုတ်နေပြီးဆိုရင် သူကျွန်မကိုပြုံး ကြည့်နေ တတ်တယ်။ မောမောနဲ့ကျွန်မအိပ်မောကျသွာပြီးလို့မိုးလင်းပြီဆိုရင်တော့ ကျွန်မ အခန်းလေးနေ ရောင်ခြည်အသစ်တွေနဲ့အတူလင်းစင်နေတာကိုတွေ့ရတတ်တယ်။ သူကစကားလုံးအကြွင်း အကျန်တွေကိုကျွန်မ မသိအောင်ရှင်းလင်းပစ်လိုက်ပြီလေ။
‘ဘ၀ဆိုတာ ဒီလိုပါပဲ’ တဲ့။
သူကကျွန်မကိုတည်ငြိမ်စွာပြောတယ်။ ကျွန်မကတော့နေ့သစ်တစ်ခုကိုဇဝေဇ၀ါကြည့်ရင်းညကလှဲကျင်းထုတ်ပစ်လိုက်တဲ့စကားလုံး တွေ အကြောင်းတွေးနေမိသေးတယ်။ သူပြောတဲ့ဒီလိုပါပဲဆိုတဲ့အထဲမှာဇဝေဇ၀ါနဲ့အတိတ်တွေကို ပြန်ပြန် စဉ်းစားနေမိတတ်တာရောပါလားမသိဘူး၊ ကျွန်မမမေးဖြစ်လိုက်ဘူး ။
Jim Reeves ကတော့ ipod ထဲကနေအော်နေတယ်။
'Blue Skies, smiling at me
Nothing but blue skies do I see
Blue birds, singing a song
Nothing but blue birds, all day Long
I never saw the sun shines so bright
Never saw things going so right' တဲ့
သိပ်ရယ်ရတာပဲ။
အဲဒီသီချင်းပြောပါတယ်။ ကျွန်မလွမ်းဆွတ်နေတဲ့အပြာရောင်မျက်ဝန်းတစ်စုံအကြောင်းလည်းမပါဘူးလေ။



အစိမ်းရောင်ဒဏ်ရာ
ဒဏ်ရာကရထားတာအတော်လေးကြာနေပြီဆိုပေမယ့်အဲဒီဒဏ်ရာကျက်မကျက်ကျွန်မမသိဘူး။ ခဏခဏလှမ်းမေးနေရတာကြာတော့လည်းကိုယ့်ကိုယ်ကိုအားနာလာတယ်။ ရာဇ၀င်တွေ ကိုပြန်ပြန်မေ့တတ်တဲ့ကျွန်မရဲ့မှတ်ဥာဏ်ကအဲဒီဒဏ်ရာကိုဘယ်လိုရခဲ့မှန်းမသိတော့ဘူး။ အမြဲစိမ်းသစ်တောကြီးတွေဆီကကူးစက်တာလား။ ကျောင်းသူလေးတစ်ယောက်ရဲ့ဝတ်စုံကနေ ထိခိုက်မိခဲ့တာလား။ အစိမ်းရောင်သစ်သီးတစ်လုံးကြောင့်လား ။ ဘာမှသိပ်မသဲကွဲတော့ဘူး။
ဖြစ်ရပုံကအစိမ်းရောင်သန်းနေတဲ့အဲဒီဒဏ်ရာကိုကြည့်ပြီးကျွန်မကပြန်လည်လန်းဆန်းလာတတ်တာ
ဆိုတော့ဒဏ်ရာကမကျက်တော့တာဆန်းသလား။ ကျွန်မဖြတ်သန်းခဲ့တဲ့ သစ်တော လမ်းလေး ပေါ်ကအစိမ်းရောင်ရက်စွဲတချို့ကိုကျပြန်တော့သိပ်မကောင်းလှတဲ့ကျွန်မရဲ့ ဦးနှောက်ကစွဲမိစွဲရာ
ဆိုသလိုအမှတ်ရနေပြန်တယ်။ ဒီဒဏ်ရာလေးဘယ်လိုရခဲ့သလဲ မသိတာကလွဲရင်ပေါ့။
စိမ်းရွှေရွှေနံ့ရတဲ့မျက်လုံးတွေကိုရှောင်ဖယ်လို့မရတတ်တဲ့အခါတိုင်းကျွန်မအဲဒီဒဏ်ရာလေးကိုငုံ့
ငုံ့ကြည့်မိတယ်။ ဒဏ်ရာလေးကတော့ကျွန်မကိုစိမ်းစိမ်း ကား ကားဆက်ဆံမြဲပါပဲ။ သူ့ကြည့်ရတာ ကျွန်မ ဆီကနေဘယ်သောအခါမှခွာသွားမယ့်ပုံလည်းမပေါက်ဘဲနဲ့ ကျွန်မနဲ့ကျတော့လည်း ငြိမ်းချမ်းရေးယူချင်ပုံမရပြန်ပါဘူး။တစ်ခါတစ်ရံမှာစိမ်းဆတ်ဆတ်နဲ့ကျွန်မကိုအသက်ရှုကြပ်စေပြန် သေးတယ်။
မိုးစက်တွေကျလာတဲ့အခါသူကရောယောင်ငိုတယ်။နှင်းငွေ့တွေစွတ်ဆိုလာတဲ့အခါသူကငေးငိုင်လွမ်းမောနေပြန်ရော။ နွေရာသီရောက်ရင်တော့သူဟာခေါင်းထောင်ကြည့်တတ်ပါတယ်။ ပြီးရင်တော့သူ့ဘာသာသူ စိမ်းမြဲစိမ်းဆဲပါပဲ။

အ၀ါရောင်ပန်းချီကား
သေချာပါတယ်။ တော်ရုံဦးနှောက်လောက်နဲ့ကတော့လူရာဝင်အောင်မှတ်ထားတတ်တဲ့ ဗန်ဂိုး ရဲ့ပန်းချီကားတွေလောက်ပဲ။ သူတို့ခေါင်းထဲခုန်ပေါက်ဝင်လာကြမှာ။ တချို့လူတွေက အံ့သြပြချင် စရာကောင်းလောက်အောင်ဝါတာတာနိုင်လွန်းတယ်။ ကျွန်မရဲ့ပန်းချီကားထဲမှာ ဘာနေကြာပန်းမှ
မပါပါဘူး၊ ဗန်ဂိုးရဲ့အ၀ါလည်းမဟုတ်ဘူး။ ပိတောက်တွေလူးတဲ့ရွှေရည် မျိုး လည်းမဟုတ်ပါဘူး။ (တုံးလိုက်တာ)
အ၀ါရောင်လူတွေကိုစိတ်ရှိလက်ရှိပြွတ်ကြပ်ညပ်နေအောင်ဖိသိပ်ရေးဆွဲထားတာ။
တစ်ကားလုံးဝါလို့။အဲဒီအ၀ါဟာညှီတီတီတော့အရှိသား။အနံ့အသက်ဆိုးတွေကိုတော်ရုံမရတတ်တဲ့ကျွန်မ အတွက်တော့အဆင်ပြေပါတယ်။ ရှင်တို့ကတော့တဆိတ်သည်းခံ ပေးကြပေါ့။ အနည်းဆုံး
နှာခေါင်းလောက်တော့ရှုံ့နိုင်ပါတယ်။ သံခင်းံတမန်ခင်းအရလက်ဝါးနဲ့ တော့မအုပ်မိစေနဲ့ပေါ့။
Diplomacy ဆိုတာကြီးကိုကိုယ်ကမသိတောင်သူများတွေသိနေတယ်ဆိုတာလောက်ကို တောင်မှ မသိတဲ့သူတွေအတွက်တော့ကျွန်မပန်းချီကားကတော်တော်လေး သရော်တော်တော်နိုင်
နေ ပါ လိမ့်မယ်။‘လောကမှာဘာမှမသိတဲ့လူဟာဘာမှသိပ်ရှက်စရာမလိုပါဘူး’ တဲ့။
ဘယ်သူမှပြောခဲ့တာမဟုတ်ပါဘူး ။ ကိုယ့်ဘာသာကိုယ်မနေ့ညကပဲ ပုလဲကွန်ဒိုအောက်က
Asia Light နားမှာကောက်ရခဲ့တာ။ ပိုင်ရှင်တွေ့ရင်တော့ပြန်ပေးမှာပါ။ ဒါပေမယ့်သက်သေ အထောက်အထားပြခိုင်းတဲ့အခါမှာအဲဒီစကားလုံးတွေဟာအ၀ါရောင်တွေလိုတော့မလိမ်မိစေနဲ့ပေါ့။ ကျွန်မကညှီနံ့တွေနဲ့ယဉ်ပါးနေတာတောင်မှုဇီဇာတော့ကြောင်တတ်သေးတဲ့ခပ်ကြောင်ကြောင်လူ
တစ် ယောက်ပါ။


လိမ္မော်ရောင်အကျီ င်္
တကယ်ဆိုအဲဒီအကျီ င်္က၀တ်ဖို့မဟုတ်ခဲ့ဘူး။ ရွှန်းစိုနေတဲ့လိမ္မော်သီးလှလှကြီးတွေပါတာမို့သိပ်အရသာရှိမှာပဲဆိုပြီးဝယ်သိမ်းထားလိုက်တာ ပါ။ ဒါပေမယ့်အချိန်ကြာလာတာနဲ့အမျှတစ်ခါမှမမှည့်နိုင်တဲ့လိမ္မော်သီးတွေကိုကြည့်ပြီးကျွန်မနာကျင် လာတယ်။
‘အဲဒါဘာလဲ’
‘အကျီ င်္တစ်ထည်ပေါ့’
‘ဟင့်အင်း …. လိမ္မော်သီးတွေပါ’
‘မယုံရင်ရှင်ဝတ်ကြည့်ပါလား၊ ဒါပေမယ့်အခုထိတော့မမှည့်သေးဘူး’
‘အကျီ င်္ီဆိုတာမှည့်စရာမလိုပါဘူး’
‘လိမ္မော်သီးတွေကလည်း ၀တ်ဖို့မလိုပါဘူး’
မေးခွန်းတွေသယ်လာသောသူတစ်ယောက်သူ့မေးခွန်းတွေပြန်ကောက်သိမ်းကာလာရာလမ်းအတိုင်း
ပြန်သွားတာတွေ့လိုက်ရသည်။ သူ့နောက်မှလိမ္မော်ရောင်အကျီ င်္တစ်ထည်
တလိမ့်လိမ့်နှင့် ပါသွားတာ သူမသိလိုက်။
လိမ္မော်ရောင်ဟာချိုမြိန်တဲ့အရောင်မဟုတ်တာသေချာပါရက်နဲ့အဲဒီအကျီ င်္
ပေါ်မှာပုရွက်ဆိတ် တကောင်ကိုတအံ့တသြတွေ့လိုက်ရသေးတယ်။

အနီရောင်ရက်စွဲ
အဲဒီမနက်ကပန်းတွေလုံးဝမပွင့်ခဲ့တာသေချာကြောင်းသက်သေပြဖို့ကျွန်မမှာအချက်
အလက် တစ်စုံတစ်ခုမှအသင့်ရှိမနေခဲ့ပါဘူး။ သေချာတာကအဲဒီနေ့မှာလူတစ်ယောက်
သေဆုံးသွားခဲ့ပြီး အဲဒီလူကကျွန်မကိုယ်တိုင်ဖြစ်နေတာပါပဲ။
အဲဒီလူဟာကျွန်မဖြစ်ကြောင်းသက်သေပြဖို့ဆိုရင်တော့ အတော်ကိုခက်ခဲပါလိမ့်မယ်။
ကျွန်မရဲ့ID card မှာမင်နီတွေစွန်းနေခဲ့လို့ပါ။
ပန်းစည်းနီနီတွေ၊ ပန်းပွင့်နီနီတွေကအဲဒီဈာပနဆီအုပ်ဖွဲ့ပျံသန်းလာခဲ့ကြတယ်။
စံပယ် တစ်ပွင့် တစ်လေတောင်မှာယောင်ယမ်းပြီးမမွှေးမြခဲ့တာတော့ကြံစည်မှု
တစ်ခုခုပါဝင်လိမ့်မယ် ထင်ပါရဲ့။တကယ်တော့အဲဒီနေ့ကနေမသာခဲ့ပါဘူး။
ဟန်ဆောင်ပန်ဆောင်မိုးခြိမ်းသံတစ်ချို့ကိုတော့ ကြားလိုက်ရတယ်။
ရွာချလိုက်ဖို့ ဘာအင်အားမှမရှိဘဲနဲ့ဘာလို့များ အပင်ပန်းခံနေတာပါလိမ့် ။ မျက်ရည်တစ်စက်မှမပါဝင်တဲ့ဈာပနလေးဟာခြောက်ခြောက် သွေ့သွေ့လေးနဲ့စွတ်စိုပြီးဆုံးသွား ပါလိမ့်မယ်။
ကျေးဇူးပြုပြီးကျွန်မကိုစံပယ်အဖြူရောင်တစ်စက်လောက်ပေးကြပါ။
နီမြန်းစူးရှနေရတာ ကျွန်မ ပင်ပန်းလှပါပြီ။
နေ၀င်သွားခဲ့ရင်တော့အဲဒီနေ့ဟာသူ့အလိုအလျောက် ပြီးဆုံးသွား ပါလိမ့်မယ်။ သမိုင်းတင်စရာမလိုတဲ့ရက်စွဲတစ်ခုလည်းဖြစ်တာမို့သူ့အလိုလိုအငွေ့ပျံပြီး ပြီးဆုံးသွားပါလိမ့်မယ်။ အရာအားလုံးကိုဟန့်တားနိုင်စွမ်းတဲ့အနီရောင်ဟာသေခြင်းတရားကို တော့ငေးမောကြည့်နေ ခဲ့ရပါတယ်။

အဖြူရောင်သက်တံ
ဆူညံပေါက်ကွဲနေသောအရောင်များငြိမ်သက်မောဟိုက်သွားကြသောအခါအဖြူရောင်
သက်တံ တစ်စင်းကိုမြင်လိုက်ရသည်။ ထိုသက်တံကိုကျွန်မ မပိုင်ပါ။
ရှိနေသော မရှိခြင်းတရား ကိုကျွန်မတို့ အဘယ်မှာပိုင်ဆိုင်နိုင်မည်နည်း။ ဖြူမှုန်လင်းဝေနေသောသက်တံတစ်စင်းကငုံ့ကိုင်းကြည့်လိုက်သောအခါကမ္ဘာသည်………………..။

စာကြွင်း
စာမူပြီးဆုံးရက် - မုန်တိုင်းစဲပြီးသောနေ့
ပါဝင်သောအရာများ - နှလုံးသားခံစားမှု ၂၅%
ဦးနှောက်နှင့်အတတ်ပညာ ၂၅%
အနုပညာ ၅၀%
မှတ်ချက် - စိတ်ခံအားမကောင်းသူများ၊ နှလုံးရည်အားနည်းသူများ၊ မစ္ဆိယစိတ်များသူများနှင့်
အသိဥာဏ်နုံ့နဲသူများနှင့်မအပ်စပ်ပါ။
တားမြစ်သည့်ကြားမှဖတ်မိပါက ကျွန်မတွင်တာဝန်မရှိပါ။


11 Comments:

Kay said...

အဖြူရောင်များရဲ့ဆင့်ကဲဖြစ်စဉ်

ခေါင်းလောင်းသံတွေ ကြားက.. ရိုးသားလှတဲ့ အစိမ်းရောင် ညှာတံ နဲ့ ပန်းပွင့်ဖြူ။

အိဒြေ္ဒ ရှိဟန်ဆောင်ခဲ့တဲ့- ယင်းမာဖိနပ်ဖြူဖြူလေးတရံ။

အဘိုးကြီးလှတဲ့.. အဖြူပျက် ၀တ်စုံလေး တထည် ။

အဖြူရောင်ဖြစ်ဖို့ ကြိုးစားနေတဲ့- ဘာမှန်းမသိတဲ့ အရောင်တချို့။

------
ဘာမှန်းတော့မသိ။ မနော်ရေးတာဖတ်ပြီး..အဲလို ပဲ..လက်က.. အငြိမ်မနေ- ရေးချ လိုက်ပြန်ပီ။း)
စာကြွင်းအရ ဆို- နှလုံးသား ရှိလို့ပါနော်။

MANORHARY said...

ကေ..ဆိုတာ စာရေးကောင်းသလို ကွန်မင့်လည်းအရေး
ကောင်းသူဆိုတာသိထားပြီးပြီလေ...

နန်းညီ said...

အ၀ါရောင်လူတွေကို စိတ်ရှိလက်ရှိပြွတ်ကြပ်ညပ်နေအောင် ဖိသိပ်ရေးဆွဲထားတာ။
တစ်ကားလုံးဝါလို့။ အဲဒီအ၀ါဟာညှီတီတီတော့အရှိသား..

မိုက်တယ်ဗျ.. ညီညီလည်း အ၀ါရောင်ပန်းချီကားတွေ ရေးလေ့ရှိလို့လားမသိ.. အဲ့စာသားလေးကို ခိုက်သွားတယ်

Moe Cho Thinn said...

အစိမ်းရောင် ဒဏ်ရာနဲ့ အပြာရောင်မျက်ဝန်းတစုံကို လွမ်းနေမိသူတယောက်..စံပယ်အဖြူတပွင့်လောက် ပန်နိုင်ပါစေ..။

ဆောင်းယွန်းလ said...

”ရှိနေသော မရှိခြင်းတရား ကိုကျွန်မတို့ အဘယ်မှာပိုင်ဆိုင်နိုင်မည်နည်း”တဲ့လားအမရေ...
လျှော်ဖွပ်လို့ရရင်တော့ပြန်လည်လျှော်ဖွပ်လို့ဝတ်ဆင်ချင်
ပါသေးတယ်..အရောင်အမျိုးမျိုးစွန်းထင်းခံလိုက်ရတဲ့
အဖြူရောင်ဝတ်စုံလေးတထည်ကို...
အမရဲ့စာတွေကို ကိုငှက်ရဲ့သီချင်းတပုဒ်နဲ့ရောစပ်ပြီးခံစား
တတ်သလိုခံစားကြည့်လိုက်ပါတယ်..

ကလိုစေးထူး said...

အပေါ်က စာကို တကြောင်းခြင်း သေချာဖတ်လာလိုက်တာ အောက်ဆုံးကိုရောက်လို့ စာကြွင်းကိုလဲ ထပ်ဖတ်မိရော ပြုံးမိတော့တာပဲ အမရေ...။ :D

ဟန်သစ်ငြိမ် said...

ငါ...

ကျီးကန်းတွေအိပ်ပျော်နေတဲ့ အဖြူရောင်မြို့ကို ရောက်ခဲ့တယ်။

ဘူတာ နာရီစင်က အဖြူရောင်တွေ ဘယ်သူခွာသွားခဲ့သလဲ၊ နာရီက စကားပြောသံ မမှန်ချင်ဘူး။

နှုတ်ဆက်သူက ပြန်လှမ်းခေါ်တယ်။ သူ့လက်ထဲမှာ မီးအိမ်ဖြူ တစ်လုံးဆွဲထားတယ်။ ဒိုင်အောဂျီးနီးစ် ဆိုတဲ့သူလား...။

ဗိုလ်ချုပ်ရုပ်ထုက လက်ခါပြီးပြောတယ်၊ သူ့ကို ရွှေလို့ မမှတ်ကြပါနဲ့၊ အဖြူထည် သက်သက်ပါတဲ့။

ငါ...
အဲဒီညမှာ
အဖြူရောင်ဆိုတာ ဘာလဲ... လို့ စဉ်းစားရင်း အိုင်းစတိုင်းနဲ့အတူ အိပ်ပျော်သွားလေရဲ့။

အစ်မစာကို ဖတ်ပြီး ခံစားရတာလေး ရေးလိုက်တာဗျို့...။

Zephyr said...

ဘ၀ဆိုတာ ဒီလိုပါပဲဆိုတာကို သဘောကျမိတယ် ....။
..
...
ငြိမ်းအေးအိမ်ရေးတဲ့ အရောင်တွေ အကြောင်းဝတ္လ္ဘုလေးကိုလည်း တစ်ဆက်တည်းသတိရလိုက်တယ် ...
...
...
သက်တံကရော ... အစ်မ နောဧရဲ့ သက်တံကို သဘောကျလို့ရေးလိုက်တာလို့ထင်တယ် .. ဟုတ်လား??
ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတတွေထဲမှာ ... သံလွင်ခက်နဲ့ သက်တံကို သဘောကျတယ် ...။

ကဗျာတွေကို သဘောကျပါတယ် ...
ဒါပေမယ့် များများမဖတ်နိုင်ဘူးအစ်မရေ ...။

နည်းနည်းချင်းပဲ လာလာဖတ်ဖြစ်ပါတယ် ...။
ကဗျာတွေ နဲ့အတူ ... essay ပုံစံမျိုးလေးတွေ နဲ့ ၀တ္လ္ဘုတိုတွေကိုလည်း အားပေးဖို့စောင့်နေပါတယ် ...

MANORHARY said...

နန်းညီရဲ့ အ၀ါရောင်ပန်းချီကားတွေသွားကြည့်ပြီးသွားပြီ
အမကြိုက်လိုက်တာ....
ချိုသင်းရေ..ပေးတဲ့ဆုနဲ့ပြည့်စေသားကွယ်
ဆောင်းယွန်းလရေ..ကိုငှက်ကိုတောင်လွမ်းသွားပြီ...
ကလိုစေးထူးဘာကိုပြုံးတယ်ဆိုတာ...သိနေသလိုပဲး)
ဟန်သစ်ငြိမ်ရေးထားတာလေးကကောင်းလိုက်တာ...
zephyr : ကိုငြိမ်းရဲ့ခရမ်းရောင်သစ္စာပန်းတွေကိုအမက
အရမ်းကြိုက်တာ...နောဧ ဆိုတာ နောဧနွေလကိုပြောတာလား....

Zephyr said...

အစ်မရေ .... ကျွန်တော်ပြောတဲ့ နောဧ ဆိုတဲ့ လူကြီးက ကျမ်းစာထဲကပေါ့ ...( ဂျပိုး အထီး၊အမ တစ်စုံနဲ့ ခြင်အထီးအမ တစ်စုံကို လှေပေါ်တင်ကတည်းက သူနဲ့ကျွန်တော် ရာဇ၀င်ကြွေးတွေရှိခဲ့တာ ...) ။ အဲဒီကျမ်းစာမှာ ...ကမ္ဘာကြီးရေလွှမ်းသွားပြီးတဲ့နောက်မှာ ... လူနဲ့ဘုရားနဲ့ နောက်တစ်ခါရန်မဖြစ်ကြေးဆိုပြီး သက်တံဆိုတဲ့ ငြိမ်းချမ်းခြင်း သင်္ကေတကို ဘုရားက ဖန်ဆင်းခဲ့တယ် လို့ အဆိုရှိတယ် ...။ အဲဒီမတိုင်ခင်က rainbow ဆိုတဲ့စကားလုံးဟာ မစားကောင်းတဲ့ သစ်သီးလိုပဲ ဘုရားသခင်ရဲ့ မူပိုင်ဖြစ်တယ်တဲ့ .....။ (နောဧ က သာသနာပြုကျောင်းမှာ ကျောင်းတတ်တော့ Noah လို့ ခေါ်ခံရတယ် အစ်မရေ ... မှတ်ပုံတင်တော့ မသိလို့ မဖော်ပြပေးလိုက်တော့ဘူး ..) :P

moe said...

ကျွန်တော်က ဒူတူတူငူတူတူကောင်တစ်ကောင်ဖြစ်ဟန် တူပါတယ် စာဖတ်လည်း သိပ်မနာခဲ့ဖူးလေ အရင်တုန်း ကပေါ့လေ မနော်ဟရီဆိုတာ တာရာမင်းဝေရဲ့ လောင်းရိပ်တစ်ခုလို့ မမြင်မျက်စိနဲ့ ရမ်းသမ်းပြီး မြင်ခဲ့မိပါ တယ်(လိမ်မပြောတဲ့အတွက် ခါးချင်ရင်လည်း ခါးနေမှာ နော်) အခုတော့ မနော်ဟရီဆိုတာ မနော်ဟရီပါလားလို့ သိသွားပါပြီ(တကယ်ပါ ခုနကလေးကမှသိလိုက်ရတာ) ဆရာမရဲ့ စာအုပ်တွေ ရှာပြီး ဖတ်ကြည့်ပါဦးမယ်
ကြားဖူးတယ် တစ်ခု --- ဘ၀မှာ အနည်းဆုံး ကိုယ့်ကို အမြဲတမ်းထောက်ခံပေးနေတဲ့ သူတစ်ယောက်လောက်တော့ လိုအပ်တယ်တဲ့ -
ဆရာမ အရမ်းကံကောင်းပါတယ်
ဆရာမကို ထောက်ခံပေးနေတဲ့သူတွေအများကြီးမဟုတ်လား အားကျတဲ့အဆင့်ကနေ မနာလိုတဲ့ဘက်ဆီတောင် ကူးသွားချင်ပါတယ်
ဆရာမ မနော်ဟရီစစ်စစ်တွေ ကဘာပေါ်မှာ ထပ်ပြီး ဖြစ်တည်ပါစေလို့ . . . .
လိုအပ်တာထက် ပိုပြီး ရိုးသားနိုင်ပါစေ
မိုးအောင်(24နှစ်)