ရှုံးနိမ့်ခြင်းမော်ကွန်း

Tuesday, October 7, 2008


ဒီ ၀တ္ထုလေးက အက်ဆေးနည်းနည်းဆန်တယ်... ၂၀၀၄ ကရေးထားတာပါ..ရေးပြီးပြီးချင်း ၀ိုင်ချို လာယူသွားတယ်..။နောက်တစ်
လလောက်ကျတော့ ဖုန်းဆက်လာတယ်...၀တ္ထုက ပြုတ်တယ်တဲ့...ပြန်ပေးဆိုတော့..၀ိုင်ချိုတို့ထုံးစံအတိုင်း “အင်း” ဆိုပြီးပျောက်
သွားလိုက်တာ...သူ အဲဒီမဂ္ဂဇင်း ကသာထွက်သွားရော..ပြန်မရဘူး..တွေ့တိုင်းပြော..သူကတော့ အေးဆေးပဲ..သူ့တပင်တပန်းရေး
ထားတာမှမဟုတ်တာ... ခု..သစ္စာပိုင်စိုး က အဲဒီမဂ္ဂဇင်း မှာလုပ်နေတယ်ဆိုပြီး စာမူလာတောင်းတာနဲ့ ဒီစာမူ အဟောင်းကိုပြန်ရှာ
ခိုင်းရတယ်...ကျေးဇူးတင်စရာကောင်းပါတယ်...ခုပြန်ရပြီလေ...ကျွန်မ တကယ့်ကို စိတ်ပင်ပန်းတကြီးရေးထားရတာကိုမှတ်မိနေ
တာကိုး..ခုချိန်မှာဆို ..အဲဒီခံစားချက်တွေက မရှိတော့တဲ့တွက် ဒါမျိုးပြန်ရေးနိုင်တော့မှာမဟုတ်ဘူး ဆိုတာသိနေတယ်..။
ပြောချင်တာက..အဲဒါတွေကိုကျွန်မကျော်လွှားနိုင်ခဲ့ပြီ ဆိုတာပါပဲ...


ရှုံးနိမ့်ခြင်းမော်ကွန်း
အရှုံးတစ်ခု၏နိဒါန်းသည်ခါးရှလွန်းလှ၏..။မမြင်ရသောအနာဂါတ်တေးသွားများပိတ်ဆို့ကွယ်
ပျောက်သွားသောအခါကျွန်မတွင်ကျိန်စာတချို့ သာပြန့်ကျဲကျန်နေခဲ့တော့၏.. တောကြီးမျက်မည်းဆန်သောလမ်းတချို့သည်နှလုံးသားများဆီသို့သာတိုက်ရိုက်ခြောက်လှန့်
နေတတ်သည်ဟုထင်ပါသလား..။
အရှုံးများနှင့်ရှုပ်ထွေး ပေကျံနေသော နေ့ရက်တချို့ သည် ပစ္စုပ္ပန်တည့်တည့်တွင်ရှိနေ၏…။
ချစ်သူ….ကျွန်မ..ဘာတွေနဲ့များဆေးကြောသုတ်သင်လိုက်ရပါ့..။မြေနိမ့်နိမ့်မှာမှရွေးစိုက်တတ်
သောလှံများကိုကျွန်မ မုန်းပါသည်။အလံမရှိသောရထားတိုင်းသည် ဦးတည်ရာမဲ့လမ်းချော်
သွားကာ စက်ခေါင်းအိုများကဲ့သို့တွေ့ရာဘူတာကိုထိုးမစိုက်တတ်ကြောင်းကိုတော့သတိပြုသင့်
သည်.။
“ချစ်ခြင်း”တစ်ခု၏သိမ်မွေ့မှုနှင့် သူ၏တရားဓမ္မကိုသင်နာကြားဖူးပါသလား..။
အသားသေနေသောအမှားများ၊အမှန်ဟန်ဆောင်ထားသောအမှားများ…ကံငါးပါးနှင့်ဝေးခဲ့သူ
များအဖို့ကတော့ ပြဒါးလမ်းအဝေးကြီးဝေးနေခဲ့လိမ့်မည်။
နှလုံးသားမှစေလွှတ်လိုက်သောမေတ္တာဓမ္မတရားကို နှလုံးသားနှင့်မှသာ ဖမ်းယူနားဆင်နိုင်ပေ
လိမ့်မည်။
အမှောင်ကနက်ရှိုင်းလွန်းလှသည်။ကောင်းကင်မမြင် ကြယ်မမြင် ၀င်္ကဘာထဲတွင် စမ်းတ၀ါးဝါး
ရွေ့ မျောရင်းအလင်းကိုမိုက်မိုက်မဲမဲမျှော်ကိုးနေခဲ့သောကာလများလည်းကြာခဲ့ပြီ…။သန်းခေါင်
ထက်နက်သောညများသည်ကျွန်မနှင့်သာ တိုက်ရိုက်ပတ်သက်နေတတ်တာကတော့စဉ်းစား
စရာ..။ကံတရားကိုမယုံကြည်ခဲ့ပါပဲလျက် ကံတရား၏ရက်စက်စွာလှည့်စားမှုကို ခံခဲ့ရခြင်းသည်
တရားမျှတပါသလား..။ကိုယ့်ကိုယ်ကို မေးမေးနေရသောမေးခွန်းများနှင့် ကျွန်မ မွန်းကျပ်နေခဲ့
ရသည်။
အရှုံးများစွာမှလွတ်မြောက်အောင်ကယ်တင်ပေးပါတော့ ချစ်သူ..။
မဆုံနိုင်သောဆုံမှတ်ယောင်များနှင့် အရော်အစားကြီးလှသော ၀ဋ်ကြွေး သံသရာ …ကျွန်မ အမြဲငိုကြွေးနေရတော့မည်ထင်သည်။ဘာကိုမှပိုင်ဆိုင်လိုစိတ်မရှိသောလူတစ်ယောက်၏ဆုံးရှုံးမှုသည်ပိုမိုသိပ်သည်းထူထပ်ကြောင်းလက်တွေ့သိခဲ့ရပြီ..။သို့သော်…ကျွန်မ၏ပရစိတ်များက ကျွန်မကိုကြိုးပေးသတ်ခဲ့ကြသည်။
အရောင် အဆင်းကင်းမဲ့ကာသွေဆုတ်ဖြူရော်လာသော ကျွန်မ၏ကံကြမ္မာကိုအရောင်တင်ပေး
လှည့်ပါ ..ချစ်သူ..။တကယ်တော့ ကိုယ်ကိုယ်တိုင်ဆွဲထူတည့်မတ်ခဲ့ရသောနေ့ရက်များသာ ပိုင်
ဆိုင်ခဲ့ပါလျက် ထိုသို့မျှော်လင့်နေခြင်းသည် မိုက်မဲမှုတစ်ခုပင်ဖြစ်သည်…။
ကျွန်မ၏ရက်စွဲများသည် နေ၀င်နေထွက်ရှိပါလျက်က မှောင်ပဲမှောင်နေခဲ့သည်။ ကျွန်မတွင် အ
လင်းမရှိ ၊ အနာဂါတ်မရှိ ၊မျှော်လင့်ချက်မရှိ၊ကိုးကွယ်ရာမရှိ ၊ဘာဆိုဘာမှမရှိတော့.။မိုးသောက်
အမှောင်များကို အဓိပ္ပါယ်မဲ့စွာရင်ဆိုင်ရမည့်နေ့ရက်များကို ကျွန်မ မုန်းပါသည်။ချစ်သောကမ္ဘာ
ငယ်နှစ်ခုနှင့်လည်းယူဇနာခြားခဲ့ရပြီ..။ကံ့ကော်ရနံ့များသင်းပျံ့ လှိုက်ဆူလာတိုင်းကျွန်မမျက်
ရည်ကျတတ်မြဲ..။ခရေပွင့်ကြွေများခင်းသောလမ်းကလေးကိုလွမ်းဆွတ်မိတိုင်းလည်းကျွန်မ
နာကျင်ရဦးတော့မည်။
သံစဉ်မပါသောဂီတတို့သည် လွမ်းဆွတ်ဖွယ်သိပ်မကောင်လှပါ။ဒါဏ်ရာဟောင်းတချို့ နှင့်သာ
ခပ်ဆင်ဆင်တူနေခဲ့သည်။မျက်ရည်စက်တို့၏တန်ဖိုးကို နားလည်တတ်သူမှသာ ကျွန်မရင်ထဲ
မှရှုံးနိမ်းခြင်းနှင့်ဝေးကွာခြင်းကို တွက်ချက်နားလည်ပေးနိုင်ပါလိမ့်မည်။
ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း အမှောင်ကပြာလဲ့စွာစီးဆင်းနေဆဲ..။မမြင်ရသောနက္ခတ်
များကကျွန်မနှင့်ဘာမှမသက်ဆိုင်သလို..။ကြမ္မာဆိုးများကိုသယ်ယူလာမည့်နက္ခတ်များကသာ ကျွန်မအပေါ်တဖွဲဖွဲရွာသွန်းလျက်…။ကျွန်မတစ်ကိုယ်လုံးနက္ခတ်ဆိုးများနှင့်ရွှဲစိုအေးစိမ့်နေခဲ့
သည်။ဘ၀တွင်ခိုက်ခိုက်တုန်အားတင်းရင်းအရှုံးများကိုပျက်ရယ်ပြုရဖန်များလာသောအခါဒူးမ
ညွတ်တတ်ခြင်းကပင်ယိုင်နဲ့ထွေပြားချင်လာ၏။ဘုရားသခင်..ကျေးဇူးပြုပြီးကျွန်မကို အသစ်ပြု
ပြင်တည်ဆောက်ပေးလှည့်ပါ..။
ပြက္ခဒိန်တွင် ပြသဒါး ဟုရေးထိုးထားသော ရက်သတ္တပတ်တစ်ပတ်၏ စတုတ္ထမြောက်တစ္ဆေ
တစ်ကောင်သည်ကျွန်မအားအစဉ်အမြဲခြောက်လှန့်နေခဲ့တော့မှာသေချာသည်။ သည်းထန်
နေခဲ့သော ရင်ထဲမှသောကများအတွက်လျော်ကြေးပေးရန် ကျွန်မထံတွင်ဘာမျှော်လင့်ချက်
မှလက်ကျန် ရှိမနေခဲ့…။ကျွန်မ၏ခရေလမ်းကလေးကိုလူတစ်ချို့ က ကျွန်မထံမှအလိုမတူပဲ
ကြေးကြီးပေးဝယ်သွားခဲ့ကြပြီ..။တရွေ့ ရွေ့ နှင့်ကျွန်မထံမှစီးမျောထွက်ခွာသွားရသော ခရေ
လမ်းကလေးထဲတွင် တန်ဖိုးမဲ့ပန်းများစီးဆင်းသွားခဲ့သည်ကတော့ရင်ခုန်စရာ..။သို့သော်..
ကျွန်မတို့ဘာကိုမျှမတတ်နိုင်ခဲ့ကြပါ..။
အဆုံးအဖြတ် အနိုင်အရှုံးတစ်ခု၏ဖြေသည် မည်သည့်အပေါ်တွင်တည်သည်ကိုသိလိုက်ရချိန်
တွင် ကျွန်မနောက်ကျသွားခဲ့ပြီ..။ရိုးသားမှုသည်နေရာတိုင်း၌အသုံးမ၀င်ကြောင်း တိတိပပ သိခွင့်ရသည့်အတွက်ပဲ ကျေးဇူးတင်ပါသည်။လူများ၏စိတ်ကိုမှတ်တမ်းတင်ကျမ်းပြုခွင့်ရသည့်
အတွက်လည်းရက်စွဲတစ်ချို့ ကိုကျေးဇူးတင်သည်။ထို့အတွက်ကျေးဇူးတင်ကြောင်းသတင်းစာ
ထဲတွင် ကြော်ငြာထည့်ရန်တော့ကျွန်မတွင် ချိုတဲ့အားနည်းသောဗီဇစိတ်တစ်ခု မပိုင်ဆိုင်ထား
ချေ..။
အရာရာ အစစသည် အရှုံးချည်းမဟုတ်ကြောင်း ဖြေသိမ့်စကားများပြောခဲ့ကြသော်လည်း
အရှုံးသည် အစစ အရာရာ ကို သိမ်းကျုံးဖြိုဖျက်နိုင်ကြောင်းကောင်းကောင်းသိခဲ့ရြ့ပီ..။တကယ်တော့
ဖြေသိမ့်စကားများသည် အဖြေမရှိသော ပုစ္ဆာများနှင့်သာဆင်တူနေခဲ့၏။မမြင်ရသောသင်ခန်း
စာများကို နာကြားရွတ်ဆိုရင်းကျွန်မနှလုံးသားသည် အသားမာတက်လာခဲ့ပြီ။တကယ့်တကယ်
တွင် လူတွေကရာသီဥတုများကိုဖန်ဆင်းခြင်းမဟုတ်သဖြင့် မုန်တိုင်းများကိုဖိတ်ခေါ်ပိုင်ခွင့်မရှိ
သလို တိမ်တိုက်များကိုလည်းတားဆီးနိုင်ခွင့်မရှိ။နေရောင် ခြည်ကိုလည်းယက်ဖောက်၍မရ။
ကမ္ဘာလောကသည်နှင်းထူထူများနှင့်သာ ပိန်းပိတ်မှောင်နေခဲ့တော့သည်။
အရှုံး၏အစသည် စိတ္တဇများ၏နိဂုံးဖြစ်သည်။မီးသင့်ကျောက်များပမာ နှစ်ပရိစ္ဆေဒများစွာဖိစီးနှိပ်
စက်ခံခဲ့ရသောအခါ..အရာရာသည် ပုံသဏ္ဌန်ပျက်ယွင်းခဲ့ပေလိမ့်မည်။ကျွန်မကိုတစ်စုံတစ်
ယောက်သောတန်ခိုးရှင်ကများပြန်လည်ပုံသွင်းပေးခဲ့မည်ဆိုပါလျင်….
စကားလုံးများက တစ်စတစ်စ နွေးထွေးပူပြင်းလာခဲ့သည်။ဝါကျများကလည်းအရည်ပျော်ကျကာ
စီးမျောသွားခဲ့ကြပြီ..။“မာန”ဟူသောဝေါဟာရကို ကျွန်မ၏အဘိဓာန်ထဲတွင် ခပ်ထူထူလေးပြန်
ထွင်းထည့်ဖို့လိုအပ်နေသည်။ “အရှုံး”ဟူသောဝေါဟာရတစ်ခုတည်းကိုကျွန်မ မပိုင်ဆိုင်လိုပါ.။
အလင်းများကိုသယ်ယူလာပေးမည့်ချစ်သူသည် ကမ္ဘာခြားနေခဲ့လေသည်။
မနော်ဟရီ


4 Comments:

lotuslynn said...

ဖတ်ရင်းတောင်မွန်းလာတယ်၊ ထွက်ပေါက်ပိတ်နေသလိုခံစားရတယ်
အရှုံးတွေကိုမေ့ထားတဲ့ကြားကပြန်မြင်လာမိတယ်

Moe Cho Thinn said...

နားလည် ခံစား စာနာမိပါတယ် မနော်ရေ။
ပူပြင်းတဲ့ အချိန်တွေကို ဘယ်သူမှ မကြုံချင်ကြပါဘူး။ ဒါပေမဲ့ မီးသင့်ကျောက်များဟာ အင်မတန် မာ တယ်။

Nyi Linn Thit said...

" အရာရာ အစစသည် အရှုံးချည်းမဟုတ်ကြောင်း ဖြေသိမ့်စကားများပြောခဲ့ကြသော်လည်း
အရှုံးသည် အစစ အရာရာ ကို သိမ်းကျုံးဖြိုဖျက်နိုင်ကြောင်းကောင်းကောင်းသိခဲ့ရြ့ပီ.. "

သဘောကျမိတယ် မနော်ရေ...၊ တခါတလေမှာလည်း ပိုင်ဆိုင်လိုက်ပြီလို့ ထင်ရတဲ့အချိန်မှာပဲ ရှုံးနိမ့်သွားရတာ တွေ ဒုနဲ့ဒေးပါပဲဗျာ....။

လင်း said...

စကားလုံးတိုင်းကိုနင့်သည်းစွာခံစားသွားပါတယ်။ အခုချိန်မှာ ခံစားနေရတာတွေ ကွက်တိဖြစ်နေလို့ 