မရိုးမဆန်းလမ်းကလေး

Tuesday, October 21, 2008



မရိုးမဆန်းလမ်းကလေး
မှားလေ့မှားထရှိသောနေ့စွဲများနဲ့
ငါးမပါပဲအအေးမိခဲ့ရသောအနာဂါတ်များ
ကိုယ့်လက်မှတ်အတုတွေနဲ့စာချုပ်အစောင်စောင်
ပုံရိပ်ယောင်တွေကြားမှာကျဆုံးနေခဲ့ဖူးတာ
ငါလား……..။

အလေ့အထရှိသောဟိုင်းဝေးလမ်းများအကြောင်း
ခေါင်းလောင်းပန်းတွေပွင့်တတ်တဲ့ရာသီ
ချည်တိုင်နွေးနွေးများရဲ့ အေးစက်စက်ရာဇ၀င်
ညင်သာသောနူးညံ့မှုများ
အားလုံးဟာသံသယ၀င်စရာ….။

နွေဦးရာသီရဲ့ပထမဆုံးနေ့တစ်နေ့
ကွေ့ကောက်ရှည်လျားနေသောကိုယ်တိုင်ရေးပုံပြင်များနဲ့
ကူး….ခတ်…..တွားသွား…စုန်ဆန်ရင်း
တန်ကြေးမြင့်သင်ခန်းစာများနဲ့
နာဖျားပင့်သက်နေခဲ့ရသော..လူတစ်ယောက်…။

ခုတော့.......
မတ်စောက်အိပ်မက်များ
ဇောက်ထိုးသီချင်းများ
မလတ်ဆတ်တော့သောပွဲတော်များ
အနားသပ်စကားလုံးများ
အား…လုံး…
ခါး…………..စက်……..။

နိဒါန်းမှအဆုံးမသတ်ရသေးခင်
နိဂုံးဟာစတင်ခဲ့ပြီလား…။ ။
မနော်ဟရီ


6 Comments:

ဆောင်းယွန်းလ said...

ကဗျာလေးဖတ်ပြီးစိတ်မကောင်းဘူးဗျာ..
ကဗျာဆရာမရဲ့ရင်ထဲမှာဘာတွေခံစားနေရသလဲဆိုတာကိုလည်းနားလည်ရင်းခံစားသွားပါတယ်...

အောင်သာငယ် said...

အက်ဒ်ဗတ်မွန့်ရဲ့ အော်သံကို စာလုံးတွေကြားထဲမှာ မြင်လိုက်ရတယ်

MANORHARY said...

မွန့်ခ်ျ ရဲ့ အော်သံတွေကို အရင်ကတော့ သိပ်ပြီးခံစားလို့
အရခဲ့ဘူး..ခုတော့လည်း...ဂဃနဏ ဆိုသလို...း)

ဒူကဘာ said...

အက်ဒ်ဗတ် မွန့်ခ်ျ ရဲ့ အော်သံ ဒီဟာလေးဖတ်မှ ထပ်တူပြုလို့ ပိုနားလည် သွားသလိုပါပဲ။ စာနာတာဆို ပိုမှန်နေမလားပဲ......။

lotuslynn said...

နိဂုံးမဟုတ်သေးပါဘူး
အခုမှနိဒါန်းအစ လေ....
ကိုယ်တို့ရဲ့နိဒါန်းအစ
အခုမှဖွင့်မှာ.............
အရင်ကသူများရဲ့နိဒါန်းတွေ နိဂုံးတွေမှာ
အရံဇာတ်ကောင် ၀င်ကပေးခဲ့ရတာ
အခုမှ ကိုယ်တို့ ပင်တိုင်ပါဝင်မဲ့
နိဒါန်းလေး အစပျိုးမယ်.....
သူငယ်ချင်း ........

မိုးကြယ် said...

နိဒါန်းမှအဆုံးမသတ်ရသေးခင်
နိဂုံးဟာစတင်ခဲ့ပြီလား…။ ။

ကဗျာလေးကခံစားရတယ်။