ပန်းကလေးနှစ်ပွင့်ရဲ့ ကောင်းကင်ဘုံ

Monday, October 20, 2008

ဝတ္ထု...လို့တောင်းဆိုကြသူတွေအတွက်ပါ...နိုဝင်ဘာ..ကလျာမဂ္ဂဇင်းထဲမှာပါသွားတဲ့ ၀တ္ထုလေးလည်းဖြစ်ပါတယ်...
Nobody's Child ဆိုတဲ့သီချင်းလေးကိုခံစားပြီးရေးထားတာပါ...အဲဒီသီချင်းလေးကိုနားထောင်တိုင်းမျက်ရည်ကျခဲ့ဖူးတယ်...
ခု..အဲဒီမျက်ရည်တွေနဲ့ ဒီဝတ္ထုကိုရေးပါတယ်...
မြန်မာစာရိုက်နေကျမဟုတ်တဲ့အတွက်...အတော်ကြီးကိုပင်ပန်းတကြီးရိုက်ထားရတာပါဆိုရင် သနားကြမလားမသိ..း)


ပန်းကလေးနှစ်ပွင့်ရဲ့ ကောင်းကင်ဘုံ

ဖြတ်သန်းတိုက်ခတ်လာသောလေနုအေးတစ်ချက်ကြောင့်ဆံနွယ်များကကျွန်မမျက်နှာပေါ်ဝေ့၀ဲလှုပ်ခတ်သွားရသလို လန်းဆန်းအေးမြသောအတွေ့ အထိကိုလည်းရရှိလိုက်သည်..။နံနက်
ခင်း၏နေရောင်ခြည်နုနုလေးကလည်းခန္ဓာကိုယ်ပေါ်ခပ်နွေးနွေးလေးဖြာကျနေ၏။ပန်းတချို့ 
(အမျိုးအမည်မခွဲခြားတတ်)၏ရနံ့ကိုလည်းတစ်ချက်တစ်ချက်ရှူရှိုက်နေမိသေးသည်..။ ကဗျာ
ဆရာတွေဘယ်လိုခံစားမယ့်မနက်ခင်းမျိုးလဲမသိ..။ကျွန်မကတော့တိတ်ဆိတ်နေမိဆဲ…။
“ဟေ့…ဒီဘက်ကို…ဒီဘက်ကိုပေး…”
“ဟာ….လွဲသွားပြန်ပြီ..”
“ဒီတစ်ခါမင်းအလှည့်..”
“ကဲ..စပြီနော်..မိအောင်ဖမ်း…”
“ဟား……..မောလိုက်တာ..”
“ပျော်စရာလည်းကောင်းပါတယ်ဟာ…”
ကလေးတစ်စုပျော်ရွှင်စွာဆော့ကစားနေသံများကဆူညံသာယာနေသည်..။ငှက်ကလေးများ
တေးဆိုသလိုမျိုး…။ဘာသာစကားမတူသော်လည်းနားထောင်ကောင်းလှသည်..။ခြေထောက်
တွင်စီးထားသောဖိနပ်ကိုချွတ်ကာ..လက်ကကောက်ကိုင်လိုက်တော့…အေးမြသောမြက်ခင်း၏
အထိအတွေ့က ကျွန်မကိုအေးချမ်းသွားစေသည်..။နေရောင်ခြည်အောက်ကမြက်ခင်းစိမ်းစိမ်း
လေးကိုဘယ်ကလေးမဆိုနှစ်လိုပျော်ရွှင်နိုင်မည်ထင်သည်..။
“ အိုး..ဒီခုံလေးမှာခဏထိုင်မှပဲ…”
စိတ်ကူးနှင့်အတူကလေးများ၏အသံကိုဆက်နားထောင်ရန်ခုံတန်းလျားလေးတွင်
ကျွန်မအသာဝင်ထိုင်လိုက်မိသည်..။
ကလေးတွေကပျော်ရွှင်စွာအော်ဟစ်ကစားနေကြတုန်း..။ရန်ဖြစ်သံ၊စကားများသံ၊
မကျေမနပ်သံလေးများကိုလည်းကြားနေရသည်..။သို့သော်၊သူတို့လေးတွေ၏ရန်ထောင်
သံလေးတွေကိုလည်းကြားနေရသည်..။သို့သော်..သူတို့လေးတွေ၏ရန်ထောင်သံလေး
တွေကိုကချစ်စရာကောင်းနေပြန်သည်..။မကျေမနပ်သံလေးတွေကိုကနှစ်လိုဖွယ်ရာ..။
“မင်းကညစ်တာကိုး..”
“မင်းကအရင်ညစ်တာလေ..”
“တော်ပြီ..ငါမကစားချင်တော့ဘူး..”
“အဲလိုတော့..မလုပ်နဲ့လေ..”
“ဟုတ်သားပဲ….သူငယ်ချင်း..ချင်းတွေကို ”
ကျွန်မပြုံးမိသည်..။
သူတို့ရန်ဖြစ်သံလေးတွေကအသည်းယားစဖွယ်..။သူတို့လေးတွေထဲမှာ သံတမန်လေးတွေ
လည်းပါသည်..။ကျွန်မရောငယ်ငယ်ကဒီလိုကစားခဲ့ဖူးသလား..။ပျော်ရွှင်စွာ..။ဟင့်အင်း..။
မသိဘူး..။မကစားခဲ့ရဘူးထင်သည်..။ကစားချင်စိတ်ရှိပြီးမကစားခဲ့ရတာလား..။မကစားချင်
လို့ကိုမကစားတာလား..။ကစားခွင့်မရတာလား..ဆိုတာကိုကျွန်မ..မမှတ်မိတော့..။မမှတ်မိ
တော့တာလား…ပြန်မတွေးချင်တော့တာလားလည်းမရေရာတော့..။
ထိုစဉ်…
ညင်သာသောခြေလှမ်းလေးနှင့်ကလေးတစ်ယောက်ကျွန်မနားလာထိုင်သည်..။
ငြိမ်ငြိမ်သက်သက်ကလေး.။အသက်ရှူသံမှန်မှန်လေးကလွဲလို့သူ့ပုံစံကသက်ရှိအရုပ်
ကလေးတစ်ယောက်လို့ထင်ချင်စရာ..။
“ဟိတ်”
“ဟုတ်ကဲ့”
“ဟိုမှာ..ကလေးတွေကစားနေကြတယ်”
“ဟုတ်တယ်..သူတို့ကစားနေကြတယ်”
“ကလေးရော..မကစားဘူးလား”
“………………………”
ကလေးကမဖြေ..။
“သူတို့လိုကစားပါလား”
ကျွန်မအားမရစွာထပ်ပြောမိ၏။
“ဟင့်အင်း”
“ဟင့်အင်း….ဘာလို့လဲ”
“သူတို့က..ကျွန်တော်နဲ့မကစားချင်ကြဘူး”
“ဘာလို့လဲ…ရန်ဖြစ်ထားလို့လား၊ရန်ဖြစ်လည်းခဏပါပဲ..အားလုံးဟာသူငယ်ချင်းတွေချည်း
ပဲလေ…”
“ဟင့်အင်း..ရန်မဖြစ်ပါဘူး…၊သူတို့ကမကစားချင်တာပါ…အင်း..သားလည်းသူတို့နဲ့မကစား
ချင်ပါဘူး..”
ကလေးကတွေးတွေးဆဆလေသံလေးနှင့်ဆို၏..။
“မကစားချင်ဘူး..ဟုတ်လား…၊ဘာလို့လဲ…”
“……………………….”
ကလေးကမဖြေပြန်..။တိတ်ဆိတ်နေသည်..။
“ဘာလို့လဲ..ကလေးရဲ့ ..”
“ကျွန်တော့်မှာ..မိဘမရှိဘူး”
“အိုး….ဘာဆိုင်လို့လဲ..”
ရုတ်တရက်ကြီးတုံ့ပြန်လိုက်သည့်ကျွန်မအသံတွင် တုန်လှိုင်းတချို့ ပါဝင်သွားတာ က
ကလေးငယ်မသိလောက်ဟုဖြေတွေးတွေးလိုက်သည်..။
“ဆိုင်တယ်…ကျွန်တော်ကဟိုဖက်ကမိဘမဲ့ကျောင်းကလေ..”
“အို..မိဘမဲ့တာနဲ့သူတို့နဲ့မကစားရတော့ဘူးလား…….မဟုတ်တာ”
“ကျွန်တော့်ကိုဘယ်သူကမှအလိုမရှိကြပါဘူး..”
ကလေးငယ်၏စကားလုံးများကတိမ်ဝင်ပျောက်ကွယ်သွားသလိုရပ်သွားပြန်သည်..။
“ဘာလို့လဲ..ဘာလို့အလိုမရှိရမှာလဲကွယ်”
“ဟုတ်တယ်..ကျွန်တော့်ကိုမိဘတွေကလည်းအလိုမရှိလို့စွန့်ပစ်ကြတယ်..သူငယ်ချင်းတွေ
ကလည်းအလိုမရှိကြဘူး..ဘာလို့လဲဆိုတော့ကျွန်တော်ကမျက်စိမမြင်ဘူးလေ..”
“အိုး”
ကျွန်မရင်ထဲနစ်နစ်စူးစူးလေးဖြစ်သွားရသည်..။
“ဟုတ်တယ်..ကျွန်တော့်ကိုဘယ်သူမွေးခဲ့မှန်းဘယ်သူမှမသိကြဘူး..အဖေအမေဆိုတာကို
မသိဘဲရှင်သန်ခဲ့ရတယ်..”
ကလေးငယ်၏စကားသံလေးများကနူးညံ့ကြေကွဲနေသည်..။ကျွန်မနှလုံးသားတွေဗြောင်း
ဆန်ကုန်၏။
“ကျောင်းမှာကလေးမွေးစားမယ့်သူတွေလာကြတယ်..ဒါပေမယ့်မျက်စိမမြင်တဲ့အတွက်
ကျွန်တော့်ကိုရှောင်သွားကြတယ်..မျက်စိမမြင်မှန်းမသိခင်ဆိုရင်တော့ ..သူတို့ကျွန်တော့်
ဆီပဲအရင်ရောက်လာတတ်ကြတယ်….တစ်ခါမှကိုယ့်ကိုယ်ကိုမမြင်ဘူးပေမယ့် ဆရာမက
ပြောတယ်..သားဆံပင်တွေက ညိုညိုခွေခွေလိပ်လိပ်ကလေးတွေနဲ့သိပ်ချောတာတဲ့..
ဟုတ်လားဟင်..”
ရုတ်တရက်ကျွန်မဆွံ့ အ သွားရပြီးမှကပျာကယာဖြေရ၏..။
“အိုး..သိပ်ဟုတ်တာပေါ့..ကလေးရယ်..”
“ဒါပေမယ့်..အနားရောက်လို့သိပ်လှပေမယ့် သေနေတဲ့မျက်ဝန်းတွေကို တွေ့ပြီး မျက်စိမမြင်
တာကိုသိသွားရင်..အားလုံးနောက်ဆုတ်သွားကြတာချည်းပါပဲ…”
“သားမျက်လုံးတွေကသိပ်လှတာပဲ..”
“ဟုတ်လား…..ဒါပေမယ့်မြင်မှမမြင်ရတာ..”
“အဲလိုလည်းမဟုတ်သေးပါဘူး..ကလေးရယ်…”
“အစကတော့..ခုလိုကျောင်းပိတ်ရက်မနက်ခင်းတွေမှာ ..ဒီမှာလာကစားဖို့ကြိုးစားတယ်..။
သူတို့လည်းကလေးမွေးစားဖို့လာတဲ့သူတွေလိုပဲ..အစပိုင်းမှာလိုလိုလားလားခေါ်ကြတယ်။
ပြီးမှ..မိဘမဲ့ကျောင်းကလာပြီး..မျက်စိလည်းမမြင်ဘူးဆိုတာလည်းသိရော..ထိုင်ခိုင်းထား
တော့တာပါပဲ..”
ကျွန်မဘာပြောရမှန်းမသိ၍တိတ်ဆိတ်နေမိသည်..။
တကယ်ဆိုတစ်စုံတစ်ရာပြန်ပြော၍ကလေးကိုကျွန်မနှစ်သိမ့်အားပေးသင့်သည်ပဲ..။
ကျွန်မကလေးငယ်ကိုဘယ်လိုဖြေသိမ့်ပေးရမလဲ…။
“ဒါဆို..တို့နှစ်ယောက်ကစားကြမယ်လေ…”
ကလေးကသက်ပြင်းတစ်ချက်ကိုအသာချ၏..။
“မကစားချင်တော့ပါဘူး…ကစားလည်းမကစားတတ်ပါဘူး ”
“ဒီလိုပါပဲ..တို့လည်းမကစားတတ်ပါဘူး”
ကလေးကခပ်ဖွဖွလေးတစ်ချက်ရယ်၏။ရယ်မှာပေါ့..။မကစားတတ်တဲ့သူက သူ့ကိုကစားဖို့စပြောခဲ့သည်ကိုး..။
“ဒါဆို..ကလေးဘာလုပ်ချင်လဲ.ဟင်..”
ကလေးကတစ်ချက်တွေတွေလေးစဉ်းစားပြီးမှလေးနက်ပြတ်သားစွာပြော၏..။
“ကျွန်တော်…ကောင်းကင်ဘုံကိုသွားချင်တယ်..”
ကျွန်မရင်ထဲ ငလျင်တစ်ခုဖြတ်သန်းလှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။
“အို…ကလေးရယ်..”
“ဟုတ်တယ်…ကောင်းကင် ဘုံကိုသွားချင်တယ်..အဲဒီမှာဆို..ကန်းနေတဲ့သူတွေ
အားလုံးမြင်နိုင်တယ်တဲ့..ဟုတ်လားဟင်..”
“အိုး…သိပ်ဟုတ်တာပေါ့..ကလေးရယ်..”
ကျွန်မ..ကလေးငယ်ကိုလှမ်းစမ်းကာဖက်ထားလိုက်မိသည်..။ကလေးကလည်းကျွန်မ
ကိုအသာပြန်ဖက်ထား၏..။
“အဲဒါ ..အမှန်ပဲလားဟင်”
“အမှန်ပဲပေါ့ကွယ်..”
ထိုစဉ်…
မိဘမဲ့ကျောင်းကလေးဆီမှခေါင်းလောင်းသံကြားလိုက်ရသည်..။ကလေးငယ်က..
ကျွန်မရင်ခွင်ထဲမှ အသာရုန်းထွက်လိုက်ရင်း….
“ဟော…ကျွန်တော်တို့ဘုရားရှိခိုးရတော့မယ်…သွားတော့မယ်နော်..”
“ဟုတ်သားပဲ..ဒီနေ့တနင်္ဂနွေနေ့…”
“ကျောင်းနားရောက်ရင်လက်ပြလိုက်မယ်…ကြည့်နေနော်…”
“ကောင်းပါပြီကွယ်…”
“ကောင်းကင်ဘုံသွားတဲ့အခါကျရင်လည်း..ကျွန်တော်သတိရနေမှာပါ..”
“တို့လည်းလိုက်မှာပေါ့..ကလေးရယ်..”
“ဒါဆို..တူတူသွားမယ်နော်..”
“ဒါပေါ့..”
“တာ့တာ…ကျွန်တော့်ကိုကြည့်နေနော်..”
“ကြည့်နေပါတယ်…တာ့တာ..”
ခြေသံဖွဖွကလေး တဖြည်းဖြည်းဝေးသွားတော့သည်..။
ကျွန်မလည်းတစ်ချိန်က..ကျွန်မနေခဲ့ဘူးသောနေရာလေးရှိရာလျှောက်ခဲ့လိုက်သည်..။
မမြင်ရသော်လည်းကျွန်မကိုလက်ပြနေမည့်ဆံပင်ညိုညိုခွေခွေလေးများနှင့် မျက်လုံးသိပ်လှ
သောမျက်စိမမြင်သည့်ကလေးတစ်ယောက်၏ရုပ်ပုံလွှာကို အာရုံထဲမြင်ယောင်နေမိသည်..။
တစ်ခုပဲ..ကလေးငယ်သိမသွား..။
ကျွန်မသည်လည်းသူ့လိုပင် မျက်စိမမြင်သော..မိဘကစွန့်ပစ်ခဲ့၍မိဘမဲ့ဂေဟာတွင်ကြီး
ပြင်းခဲ့ရသော..ပန်းကလေးတစ်ပွင့်ပမာ ရိုင်းစိုင်းစွာ ရှင်သန်ခဲ့ရသောကလေးငယ်တစ်ယောက်
ဖြစ်ခဲ့ဖူးသည်ဆိုတာ…………။ ။
To Innocent Orphans ……..

မနော်ဟရီ


8 Comments:

ကေ said...

ကောင်းလိုက်တာ -

pandora said...

ရေးထားတာလေးကနူးညံ့လိုက်တာ.. မ ရဲ့ ကြင်နာတတ်တဲ့ စိတ်ကလေးကိုလည်း မြင်နေရတယ်။

အပြစ်မဲ့ ကလေးတွေ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။

ူlotuslynn said...

ဇာတ်သိမ်းလေးလှတယ်

ဒူကဘာ said...

ကြင်နာတတ်သူတွေရဲ့ နှလုံးသွေးသားတွေနဲ့ ရေးလို့ ထပ်တူခံစားရပါတယ်၊ လောကမှာ မျက်လုံးစင်စင် လင်းသားနဲ့ အတွေးအခေါ် မစင်လင်သေးတဲ့ သူတွေကိုများ ရွဲ့ပြီး သနားရမလားလို့ ..... ?

Moe Cho Thinn said...

အလင်းကို တကယ်မြင်တဲ့သူ နှစ်ယောက် တွေ့ဆုံပွဲ။
ချစ်စရာ သနားစရာ..။

မအားတာနဲ့ မလည်ရတာ။ အခု အကုန် ဖတ်သွားပြီ။

ပုံရိပ် / Pon Yate said...

ချစ်စရာနဲ့ သနားစရာ ၀တ္ထုလေးပါ။

April said...

အရမ်းကောင်းပါတယ်။

Zephyr said...

ကျေးဇူးတင်ပါတယ် အစ်မရေ....။
မေတ္တာတရားဆိုတာ ... လူသားတွေရဲ့ စစ်မှန်တဲ့ ဘာသာစကား ဖြစ်နေတော့ ... အားလုံးနားလည်ကြတာပါပဲ ...လို့ခံစားရတယ် ။
http://www.youtube.com/watch?v=xstLRWHgD2Q&feature=related
သီချင်းတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ် ...။ I'll stand by you..